လမ်းသွားခွေးဟောင်၊ အပင်အောက်တောင်
ပင်ရိပ်ရှောင်ချင်၊ လူမြင်တိုင်းမချိတင်ကဲ
ခနဲ့ခံရ၊ လူဆိုးသူခိုးဖမ်းမျက်လုံးနဲ့
ငါ့ကိုကြည့်နေကြပြီ။
နီသောမျက်လုံး၊ ပြာသောမျက်နှာဖုံးနှင့်
ဝတ်ရုံဖြူဝတ်လူတချို့ အဆိပ်လူးထားတဲ့
လက်တွေနဲ့ ငါ့ကိုနှုတ်ဆက်ကြပြီ။
ငါ့အားလူနီအဖြစ် သမုတ်ကြတော့မည်။
ဖြူသောဆံစ တခေါင်းလုံးတပ်
ထီမထင်ဟန် မျက်နှာပေး
အရှက်လုံရန် ထိုးထွင်းမြင်သာ
ဝတ်ရုံလွှာကိုသူတို့ဝတ်
ဘာသာစကားတစ်မျိုးကို
ထွင်ပြောနေကြသည်။
အများသူငှာ၊ စိတ်နှလုံးကိုယ်
ကျန်းမာစေကြောင်း၊ ဆေးကြောင်းအာဂုံဆောင်
လျှာမကျိုးကြောင်း၊ ကျိုးကြောင်းသိငှား
အနားကပ်ကြည့်တော့ အာပုတ်နံ့ကတထောင်းထောင်း။
မျက်မှန်ကြီးကိုဟန်ပါပါတပ်
နိပါတ်လာအထပ်ထပ်ကိုဖတ်
အထင်ကြီးလို့ဝင်မေးကြည့်တော့
အသိခေါက်ခက် အ၀င်နက်၏တဲ့
ထိုမျက်မှန်ကိုငါတပ် နိပါတ်အထပ်ထပ်
အိတ်မှာထည့်လို့ လျှာမကျိုးကြောင်း
ဘာသာစကားတစ်ခုထွင်ပြောပြီး
ဆံစဖြူခေါင်းမှာတပ် နီပြာမျက်လုံးတစ်ဖက်စီနှင့်
ထီမထင်ဟန်ပြုံး လူမမြင်သောဝတ်ရုံလွှာကိုဝတ်
လူတွေကြားထဲ ငါသွားကြည့်ဦးမယ်။ ။ ။ ။
ဝဏ္ဏအောင်