Friday, November 25, 2011
မျော်နေမယ်
မျော်နေမယ် (.......) ကို         
ဒို့တွေဘ၀အကျိုးပေး မတူ
အနေဝေးနေရသော်လည်း ငါ့ရင်ထဲမှာတော့
အမြဲတမ်းတမျော်လင့်ဆဲပါ...............
မင်းဘက်က ကောင်းသည်ဖြစ်စေ
ဆိုးသည်ဖြစ်စေ ပြန်လာမယ်ဆိုတာ
သေချာရင်တော့ ဘယ်လောက်ဝေးစေ................
အဲဒီနေ့ရက်အချိန်ကို
လွမ်းဆွတ်မှုများစွာနဲ့ စောင့်မျော်နေမှာပါ................
(...........) အတွက်
ငါ့နှလုံးသားတစ်ခုလုံး ပေးထားတာပါ..............
ပြန်လည်ဆုံစည်းပါရစေ.............
......ချစ်လေး......
အဖြည့်ခံနှလုံးသား
အဖြည့်ခံနှလုံးသား
ငါခေါ်နေခဲ့ပါတယ်
ယုံကြည်စွာနဲ့ တန်ဖိုးထားခဲ့တဲ့ နာမည်တစ်ခုကို
ရင်ထဲပဲ့တင်ထပ်အောင်ခေါ်ပေမယ့်
မင်းမကြားနိုင်ခဲ့
ငါမျော်လင့်မိတယ် ချစ်သူများနေ့မှာ
မင်းနဲ့ဆုံဆည်းဖို့ အခွင့်ရေးလေး
ငါရင်ကွဲမတတ်ငိုနေခဲ့ပါတယ်
ရယ်မောချိန်တိုင်းပျော်နေတာ မဟုတ်ခဲ့ဘူး
နင်ပျာ်ရွှင်ဖို့ ငါ့နှလုံးသားကိုသုံးပါ
နင်ပျော်ဖို့ ငါ့နှလုံးသားက
ငိုသံတွေနဲ့ပေးဆပ်နေမှာပါ
ငါလွမ်းမိတယ်
ငါ့အတွက်အင်အားဖြစ်စေတဲ့ မင်းရဲ့ အသံတွေကိုပေါ့
ခဏသာ အဖြည့်ခံနေရတဲ့
ငါ့နှလုံးသားဟာ မင်းရဲ့အကြည့်တစ်ချက်မှာ
ဇံဝင်နှစ်မျော အရည်ပျော်နေခဲ့ပြီ
နင်လိုသလိုသာ ငါ့နှလုံးသားကို......
အပိုင်သုံးလိုက်ပါ.......
.......ချစ်လေး.......
Thursday, November 17, 2011
လမ်းပျောက်တဲ့သူ
လမ်းပျောက်တဲ့သူ 
ဘယ်ကိုသွားနေလည်း ငါမသိ
ဦးတည်ရာ မဲ့လျှောက်နေတဲ့လမ်းရဲ့
အဆုံးသတ်ဟာဘယ်မှာလည်း
ပန်းတိုင်မသိ ဦးတည်ချက်မရှိ
လျှောက်လှမ်းရလမ်းကြောင့်
ခြေဖ၀ါးတို့ သွေးစို့စေခဲ့ပြီ............
ချမ်းအေးတဲ့ဆောင်းနဲ့မြူမှုန်တွေကလည်း
ငါ့ကို အေးချမ်းမှုမပေးနိုင်
အငြိုးတကြီးနဲ့ ရွာသွန်းနေတဲ့
မိုးစက်တွေကလည်း
ခြောက်သွေ့ အက်ကွဲနေတဲ့ ကန္တာရ
ရင်ကို မစိုစွတ်စေခဲ့ဘူးကွယ်။
 .....ချစ်လေး....
ကျွန်ပ်နှင့်ဆုံးဖြတ်ချက်သင်္ချာ
ပုစ္ဆာတစ်ပုဒ်ကိုတွက်ကြည့်ကြရအောင်။
ကျွန်ပ်သည်ခြေစုံကိုရပ်၍စဉ်းစားနေမိသည်။ စဉ်းစားနေသည်မှာလမ်းလျှောက်လျှင်မည်သည့် ခြေထောက်ကဦးဆုံးလှမ်းရမည်နည်းဟုပင်ဖြစ်သည်။ ဖြစ်နိုင်ခြေများကိုစဉ်းစားရာတွင် ကျွန်ုပ်၏စိတ်သည်ညာခြေကိုသာဦးစားပေး၍ ဘယ်ခြေထက်အရင်လှမ်းစေချင်သည်။ သို့သော်ညီမျှမှုရှိမည်မထင်၊ စိတ်စေတိုင်းကိုလူကလိုက်၍မလုပ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်မည်သည့်ခြေကဦးစွာလှမ်းသင့်သည်ကိုလည်းကောင်း၊ အကွာအဝေးအားဖြင့်လည်းကောင်း၊ မည်သည့်ခြေကအလျှင်လှမ်းလေ့ရှိသည်ကိုလည်းကောင်းတွက်ချက်၍ကြည့်ချင်ပါသည်။
ဘယ်ခြေ၏လှမ်းနိုင်ခြေ= ၆
ညာခြေ၏လှမ်းနိုင်ခြေ  =၈
စလှမ်းလိုသောခြေ (ညာ) =၎
စလှမ်းလိုသောခြေ (ဘယ်)= -၂
ညာခြေဖြင့်စလှမ်းလျှင်ဖြစ်နိုင်ခြေအလျင်  = ၅
ဘယ်ခြေဖြင့်စလှမ်းလျှင်ဖြစ်နိုင်ခြေအလျင် = -၎
လှမ်းနိုင်ခြေ
လှမ်းလိုခြေ
အလျင်
ဘယ်ခြေ
-၂
ညာခြေ
ဘယ်ခြေ ( ၆-(-၂)-၄)  = 
ညာခြေ (၈-၄-၅)        =  -၁
ဒါဆိုရင်ညာခြေဖြင့်စလှမ်းတာကပို၍ဖြစ်နိုင်ခြေရှိပြီးပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဘာဘက်က ၄ပြောင်ပြီး ဘယ်ဘက်ကို -၁ ထားရမှာဖြစ်တယ်။ ဒီနည်းလမ်းကိုပညာရှင်အများသည် စီးပွါးရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် တို့တွင်သာမက အခြားနေရာများတွင်လည်းတွင်ကျယ်စွာသုံးလေ့ရှိပါတယ်။ ချီတုံချတုံ ဖြစ်နေချိန်တွေမှာသုံးသင့်ပါတယ်။ နောက်ထပ်ဥပမာ ၁ ခုကိုသုံးပြပါဦးမယ်။
ကောင်းတယ်
မကောင်းဘူး
ချစ်သင့်
-၃
မချစ်သင့်
-၁
 ၁၀
ဒါဆိုရင် ချစ်သင့် = ( ၆) ပဲရတယ်
မချစ်သင့်တာက= ( ၁၀) ရတယ်
ဒါကြောင့်မချစ်သင့်ပါဘူး။
 ဤသည်များသည် ကျွန်ပ်ဖြတ်ချက်တစ်ခုလုပ်ရချိန်တွင် ပြုလုပ်လေ့ရှိသည်။ 
သူငယ်ချင်းများအားမျှဝေခြင်းဖြစ်သည်။ နည်းလမ်းကောင်းဖြစ်သည်ဟုပြောလိုပါသည်။ ယုံလျှင်သုံး မယုံလျှင်မသုံးပါနှင့်။ ကျွှန်ပ်တစ်ခုပြောလိုသည်မှာ သင်၏စိတ်ကိုသင်္ချာနည်းဖြင့်တွက်ချက်နိုင်ပါသည်။ 
ဝဏ္ဏအောင်.......
Wednesday, November 16, 2011
ရှေ့ကနေခြည်
လိုက်ရဲလားချစ်၊ ကမ်းကခွာမည်
ရှေ့နားနေခြည်ဦးဆီ၊ မယုတ်မလွန်
ကို..ခေါ်နေပြီ၊ ရှေ့ကသမုဒရာ
ဒို့နှစ်ယောက်ကို၊ ကြိုလင့်နေပြီ
ရေ၀ဲထဲပဲနှစ်မလား
မုန်တိုင်းတွေကြား၊ လူးလွန့်ခံစား
ဒုက္ခကြုံငြား၊ ကိုယ့် လက်ကိုင်ထား
အားတင်းထားပါ၊ ချစ်သူရတနာ.....
ခေါ်သာခေါ်ရ၊ ချစ်မပါက ..
လာလမ်းလဲကိုယ်မပြန်
ချစ်ကမ်းကကိုယ်ထွက်ခွာမည်
ရှေ့နားနေခြည်ဦးဆီ
.....
ဝဏ္ဏအောင်
ကျွန်ပ်နှင့်စိတ်ဗိသုကာ
ကျွန်ပ်သည်ဘယ်တုန်းအချိန်ကမှ မည်သည့်အရာကိုမျှပိုင်ဆိုင်ထားခြင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်သည် မည်သောအခါမျှမှ ဆုံးရှုံးခြင်းဟူ၍ အရှိခဲ့ပါ။ ကျွန်ုပ်သည် လမ်းမလျှောက်လျှင် ရပ်နေမည်၊ သို့မဟုတ် ထိုင်နေမည်၊ သို့မဟုတ် လဲနေမည်။ ထို့ကြောင့်လမ်းလျှောက်ရန်ပြင်သည်၊ ဘယ်ခြေဖြင့်စလှမ်းရမည်လော၊ ညာခြေဖြင့်စလှမ်းရမည်လောဟုစဉ်းစားသည်။ ခြေထောက်နှစ်ချောင်းရန်ဖြစ်နေ၍ ဘယ်ကိုမျှမသွား ဆက်ရပ်နေသည်။
ရပ်နေသည်။ခြေထောက်ကိုခွရပ်ရမည်လော၊ ပူးရပ်ရမည်လော၊ သို့မဟုတ် တစ်ချောင်းထဲထောက်ထား ရမည်လောဟုမစဉ်းစားဘဲရပ်နေလိုက်သည်။ သို့သော် ကျွှန်ပ်၏မျက်လုံးများသည်အငြိမ်မနေ၊ မှိတ်၍တောင် ကြည့်မြောက်ကြည့် ကြည့်နေသည်။ထိုအချိန်တွင် ကြယ်များသည်အလင်းရောင်ပျိုးပြက်ခြင်းမရှိ တောက်ပြောင်
ခြင်းလည်းမရှိပါ။ ခဏကြာသော် ကျွန်ပ်၏ခြေထောက်များသည် သဘောတူညီချက်တစ်ခုကိုရရှိလိုက်သည်။
ညာခြေကိုစရလှမ်းခွင့်ပေးလိုက်သည်။ ထို့ကြောင့်ကျွန်ပ်သည် အ၀တ်အစားကိုသပ်ရပ်စွာဝတ်ဆင်၍ ညာခြေဖြင့်စလှမ်း၍ အပြင်သို့ထွက်သွားသည်။ လူအများသည်ကျွန်ပ်ကိုထူးဆန်းစွာဝိုင်းကြည့်ကြသည် အဘယ်ကြောင့်ဟူမူသူတို့တွင်အ၀တ်အစားများဝတ်မထားကြသောကြောင့်ဖြစ်သည်။
မျက်လုံးအချို့သည်ကျွန်ပ်ကိုကြည့်နေကြသည်။ ထိုသို့သောမျက်လုံးများကိုကျွန်ပ်ငယ်စဉ်ကများစွာ ကြုံတွေ့ဖူးသည်။ ထိုသို့သောမျက်လုံးများသည် ကျွန်ပ်၏ငယ်ဆရာများဖြစ်လာကြသည် အဘယ်ကြောင့်ဆိုသော်ထိုမျက်လုံးများသည် လိမ်လည်ခြင်း၊ ရက်စက်ခြင်း၊ လည့်ဖြားခြင်းများအားကျွန်ပ်ကိုသင်ကြားပေးခဲ့သည်။ လူအချို့သည် ကျွန်ပ်ကိုတော်သည်ဟုထင်ကြသည်။ ကျွန်ပ်ကဟုတ်ပါတယ်ဟုဖြေလျင်ကျွှန်ပ်သည်လိမ်လည်၍ ထိုသူတို့သည်မှန်သွားကြလိမ့်မည်။ ကျွှန်ပ်က မဟုတ်ပါဟု ဖြေလျင်သူတို့သည်မှား၍ ကျွန်ပ်သည်မှန်ကောင်းမှန်
သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏စိတ်တွင် စိတ်ပုံကားချပ်ကြီးများရှိသည်..သူတို့ကမှားလျင်
ထိုပုံကားချပ်ကြီးများကိုလွင့်ပစ်ကြသောကြောင့်ဖြစ်သည်။  ။
မျက်မမြင်တစ်ဦးတောထဲတွင်လမ်းလျှောက်နေသည်။ ထို့ကြောင့်ထိုတောသည် လမ်းဖြစ်သွားသည်။ သို့သော်ထိုလမ်းကိုမည်သူမျှမလျှောက်ကြပါ။ အရုးများထဲတွင်တစ်မူးသာသူကိုတခြားအရုးများက အထင်ကြီးကြသည်။ထို့ကြောင့်ထိုသူထံမှပညာကိုသင်ယူကြသည်။ထို့ကြောင့်အရူးလုံးလုံးလည်းမဟုတ် ပြားပြားလည်းမဟုတ်သော အရူးများဖြစ်သွားကြသည်။
Tuesday, November 15, 2011
ကျွန်ပ်သိသော သဘောတရား
ကျွန်ုပ်သည်ဖြစ်ခြင်းလည်းမဟုတ်၊ ရှိခြင်းလည်းမဟုတ်၊ ပျက်ခြင်းလည်းမဟုတ်ပါ။ သို့သော်ရုပ်သဘောအရ
ငါသည်ဖြစ်ရ၏၊ ရှိရ၏၊ ပျက်ရ၏။ သို့သော်ပျက်စီးခြင်းမဟုတ်၊ ထိုသို့မမှတ်။ နာမ်သဘောမရ ကျွန်ပ်သည် မရှိ၊
မဖြစ် မပျက်။ အရာရာသည် ၀ိရောဓိဖြစ်၏။ ကျွန်ပ်သည် နဂတ္တိ၊ နနိစ္စ၊ နနာနတ္တ၊ နဧကတ္တဖြစ်၏။ ထို့ကြောင့်
ကျွန်ပ်သည် အတ္တိ-ရှိခြင်း၊ နတ္တိ-မရှိခြင်း၊ အတ္တိစ  နတ္တိစ--ရှိသည်လည်းမဟုတ်၊မရှိသည်လည်းမဟုတ်။
နေ၀အတ္တိ၊ နာနတ္တိ--ရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်ပါ။    ။
စာအုပ်တစ်အုပ်ကိုဖတ်ပြီးဤကဲ့သို့ အတွေးအခေါ်များ ၀င်လာခြင်းဖြစ်သည်။ ကျွန်ပ်သည်တောက်တယ်ကျင်း
ဟုခေါ်သောကွန်ဖြူးရှပ်မပေါ်မှီကာလများစွာက တရုတ်လူမျိုးများ၏ဘာသာရေ့းဟုဆိုနိုင်ဘွယ်ကျမ်းစာ တစ်အုပ်ကိုကောင်းစွာဖတ်ဖူးပါသည်။ တောက်တယ်ကျင်းတွင် ဤသို့ဆိုထားသည်''အရာရာသည်ဝိရောဓိ
ဖြစ်၏၊ ဆန့်ကျင်ဘက်တရားများသော်ရှိ၏၊ ဆိုရသော် ချစ်ခြင်းရှိလျှင်မုန်းခြင်းရှိ၏၊ အကောင်းရှိလျှင်အဆိုးရှိ၏။
အဆိုးမရှိပဲနှင့်အကောင်းမရှိနိုင်ရာ။ မုန်းခြင်းကိုသိမှချစ်ခြင်းကိုသိနိုင်သည်။''ဟုဆိုထားပေသည် သို့သော်အရာ
ရာသည် ၀ိရောဓိဖြစ်၏။ နတ္တိ-မရှိခြင်း (၀ါ) သုညလည်းဖြစ်၏လို့ဆိုထားပါသည်။
တောက်တယ်ကျင်းသည် ဗုဒ္ဓကျင့်စဉ်တော်များနှင့်အတော်အတန်တူညီမှုများရှိနေသည်ကိုတွေ့ရပါသည်။
ဗုဒ္ဓ၀ါဒတွင်လည်း ထေရ၀ါဒ(ဖြစ်ခြင်း-ပျက်ခြင်း) တို့ကိုရှုမှတ်၍ နိဗ္ဗာန်ကိုကျင့်စဉ်တော်ဖြင့်တရားအားထုတ်
လျက်စံခြင်းနှင့် မဟာရန (မိမိ၏ကျိုးစားအားထုတ်မှုသည်သာနိဗ္ဗာန်စံရခြင်း) တို့ကိုသိရှိထားပြီးဖြစ်ပါတယ်။
နတ္တိ-အတ္တိ၊ အတ္တိစ-နတ္တိစ၊ နေ၀အတ္တိ-နနေအတ္တိ စသည်တို့သည် ထေရ၀ါဒ၏ ကျင့်စဉ်တော်များထဲမှအချို့
ဖြစ်သည်။
ကျွန်ပ်တို့ ခရစ်ယာန်ဘာသာဖြင့် ရုပ်(ခန္တာ) နှင့်နာမ်တို့၏သဘောကို ကျွန်ုပ်သည်အနည်းအကျဉ်းမျှလေ့လာ
စဉ်းစားခဲ့မိပါသည်။ ကျွန်ပ်တို့သည်ဖန်ဆင်းခြင်းကိုခံရသူများဖြစ်၍ ဖြစ်ခြင်းနှင့်ရှိခြင်း(အတ္တိနှင့်ဂတ္တှိ) ဖြစ်၏။ ကျွန်ပ်တို့သည်သေခြင်းကိုလက်ခံ၏ ထို့ကြောင့်ပျက်ခြင်းကိုလက်ခံ၏။ ဗုဒ္ဓဘာသာနှင့်တောက်တယ်ကျင်းတို့
နှင့်ကွဲပြားသည်မှာ ကျွန်ပ်တို့သည်ဖန်ဆင်းခြင်းကိုခံရ၏၊ သို့သော်သူတို့တွင်မရှိ။ ကိလေသာနှင့်ကံ တစ်နည်း
ဆိုသော်သံသရာကြောင့်ဖြစ်ရခြင်းမည်၏။
ဤသည်မှာကျွန်ပ်သိသည်များကိုသာ ရေးသားခြင်းဖြစ်ပါသည်။ အမှားများအားတွေ့ရှိလျှင်သော်
လည်းကောင်း၊ မှားယွင်းစွာယူဆသည်ရှိသော်သွန်သင်ပေးစေလိုပါသည်။
အစဉ်လေးစားလျက်
--၀ဏ္ဏအောင်--
မတူတော်
သွေးသားမတော်စမ်သူများ
အတူနေကြာလာသောအခါ
မြေခွေးကခြင်္သေ့ကိုချစ်ရေးဆိုလေ၏။
ထိုအခါ
ယုန်သူငယ်တို့သည်
ဦးပုဒ်စောင့်သောကျားကို
လိုက်ရှာကြလေသည်။        ။
  နတ်သိုက်
တိတ်တခိုး
တိတ်တခိုး
ငါ့ကိုယ်ငါ
သစ်ရွက်တွေလို
လှုပ်ကြည့်တယ်
လေမတိုက်ဘဲနဲ့
နတ်သိုက်
ကျွန်ုပ်မသိသော ကောင်းခြင်း(၀ါ) မကောင်းခြင်း
ကောင်းတယ်(၀ါ)မကောင်းဘူး။ သင့်တယ်(၀ါ) မသင့်ဘူး။ လက်ခံတာနဲ့(၀ါ)လက်မခံတာ။တို့ကိုပြောကြရအောင်။
ကောင်းခြင်းဆိုတဲ့အရာကိုမှန်ကန်စေနိုင်တာက မှားခြင်းပါပဲ။ မကောင်းခြင်း(၀ါ) ဆိုးခြင်းဆိုတာမရှိဘဲနှင့်တော့ ဘယ်သောအခါမှကောင်းခြင်းဆိုတာမရှိနိုင်ပါဘူး။ အကြောင်းအရင်အခြေခံတစ်ခုမရှိဘဲနှင့်တော့ ဘယ်အရာကသင့်တယ် မသင့်ဘူး၊ ဆိုတာဖြစ်လာစရာအကြောင်းမရှိပါဘူး။ တစ်စုံတစ်ရာဆိုတာမရှိပဲနှင့်တော့ လက်ခံခြင်းဆိုတာမရှိနိုင်ဘူး။ 
ဒါဆိုရင်ခြုံငုံပြီးသုံးသပ်ကြည်ပါ။ အကယ်၍
(၁) ကောင်းတယ်- လုပ်သင့်တယ်-လက်ခံနိုင်တယ်ဆိုရင်လုပ်
(၂) ကောင်းတယ်-မလုပ်သင့်ဘူး-အများကလက်မခံဘူးဆိုရင်ဘာလုပ်မှာလဲ။
(၃)ကောင်းတယ်- လုပ်သင့်တယ်- အများကလက်မခံဘူးဆိုရင်ကော။ 
(၄)မကောင်းဘူး- လုပ်သင့်တယ်-အများကလက်ခံတယ်။
(၅)မကောင်းဘူး-မလုပ်သင့်ဘူး- အများကလက်မခံဘူးဆိုရင်မလုပ်နဲ့
(၆)မကောင်းဘူး- မလုပ်သင့်ဘူး-အများကလက်ခံတယ်ဆိုရင်ရော။
ဒါတွေကကိုယ့်ရဲ့စိတ်ခံစားချက်၊ ခံယူချက် စတာတွေမပါသေးဘူး။ ပြောရမယ်ဆိုရင် ကောင်းစေချင်တာ၊ မကောင်းစေချင်တာ၊ လုပ်ချင်တာ၊ မလုပ်ချင်တာ စတာတွေမပါသေးဘူး။တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် လူတိုင်းဒါကိုတွေးမိမှာသေချာပါတယ်။ ကိုယ်တစ်ယောက်ထဲဆိုရင် ကောင်းတာလဲမရှိဘူး မကောင်းတာလဲ မဖြစ်နိုင်ဘူး၊ ဘယ်သူကကိုယ့်ကိုထောက်ခံတယ် မထောက်ခံဘူးဆိုတာမရှိနိုင်ဘူး။ ဘယ်သူ့ထောက်ခံချက်မှ မလိုဘူး။ 
လူတိုင်းဟာလူခိုင်းတာကိုလုပ်နေရတာချည်းပဲ။ သင်ကရုံးဝန်ထန်းဆိုရင်သင့်ကိုသင့်အရာရှိက ခိုင်းမယ်။ အဲ့ဒီအရာရှိကို သူ့ထက်ကြီးသူကခိုင်းမယ်။ အဲ့ဒီလူကိုဝန်ကြီးကခိုင်းမယ်ဆိုပါစို့၊ ၀န်ကြီးကိုသမ္မတကခိုင်းမယ်။ သမ္မတကိုတော့ ပြည်သူတွေခိုင်းမယ်။ ဆိုလိုတာက ရာထူးတွေရှိနေတယ်ဆိုပေမယ့် သင့်ကိုသူများတွေက ခိုင်းနေတယ်ဆိုတာသေချာတယ်။
ကောင်းတာလုပ်လို့ကောင်းတာရမယ်ဆိုရင် ကျွန်တော့်အတွက်ကောင်းတာတွေကို သူများကယူသွားမယ် ထင်တယ်။ တခါတရံမှာ မကောင်းတာလုပ်လို့ ကောင်းတာတွေရတတ်တာပဲ။ ဒါဆိုရင်သင် အကောင်းတွေကိုပဲတွေး အကောင်းတွေပဲလုပ်ပါတော့ဦးမှာလား။ မကောင်းတာလုပ်ဖို့ပြောနေတာတော့ မဟုတ်ပါဘူး။ ကောင်းတာလုပ်တိုင်းကောင်းတာမရတတ်ပါဘူး။ ဒါကိုလက်ခံမယ်ထင်တယ်။
လူတိုင်းကောင်းတာကိုလိုချင်ကြတာပဲ။ လူမပြောနဲ့ ငရဲမင်းတောင်ကောင်းတာကိုပဲလိုချင်တာပဲ။ နတ်ဆိုးရဲ့ကောင်းခြင်ဟာ နတ်ကောင်းတွေအတွက်မကောင်းခြင်းပဲ။ ကဲဘယ်သူကမှန်လဲ။ ဆိုပါဆို့ လိမ်တယ်ဆိုတာကောင်းတယ်လို့နတ်ဆိုးကပြောရင် နတ်ကောင်းနတ်မြတ်တွေက မကောင်းဘူးလို့ငြင်းမယ်။
debate လုပ်ရင်ဘယ်သူကနိုင်မယ်ထင်လဲ။ လိမ်တယ်ဆိုတာနတ်ဆိုးအတွက်ကောင်းတယ်။ မလိမ်ဘူးဆိုတာ နတ်ကောင်းတွေအတွက်ကောင်းတယ်။ ဒါဆိုဘယ်အရာကဆိုးလဲဆိုတာကို သင်ပြောပြနိုင်ရင် ကျွန်တော့်ဆီကဘာမဆိုတောင်းဆိုနိုင်ပါတယ်။ ဆိုးတယ်ဆိုတာ ဘယ်ရောက်သွားလဲ။ နတ်ဆိုးတွေအတွက်လည်း ထည့်မစဉ်းစားပေးသင့်ဘူးလား။ နတ်ဆိုးကလည်းသူဆိုးချင်လို့ဆိုးတယ်။ နတ်ကောင်းလည်းသူကောင်းချင်လို့ကောင်းတယ်။ ညီတူညီမျှပဲလေ။ နတ်ဆိုးကလဲသူဆိုးချင်ရင်ဆိုးလို့ ရရမယ်လေ၊ ဘာကြောင့်လဲဆိုတော့နတ်ကောင်းကိုကျတော့ကောင်းခွင့်ပြုထားပြီးတော့ နတ်ဆိုးကိုကျ ဆိုးခွင့်မပေးချင်ကြဘူး။ ဒါဆိုလူတွေပြောပြောနေတဲ့ တရားမျှတခြင်းဆိုတာကိုက မတရားမှုကိုကျူးလွန်နေတာပဲ။
အားလုံးစဉ်းကြည့်စေချင်ပါတယ်။ ကောင်းခြင်းနဲ့တရားမျှတခြင်းကို သင်ရှာတွေ့နိုင်သလား။ တွေ့နိုင်တယ်ဆိုရင် ကျွန်တော့်ကိုလည်း ပြောပြပါ။
Monday, November 14, 2011
ထာဝရရင်ခွင်: ဘ၀ဆက်တိုင်း
ထာဝရရင်ခွင်: ဘ၀ဆက်တိုင်း
်စိတ်ကူးယဉ်ဆန်ဆန် ကိုယ်ဖြစ်ချင်သလိုဖြစ်လာဖို့မျှော်လင့်တဲ့ အတွေးနဲ့ရေးလိုက်ပါလား
Sunday, November 13, 2011
ဘ၀မှာ လိုအပ်တဲ့ သူငယ်ချင်းကောင်း မိတ်ဆွေများကို တန်ဖိုးထားပါ ..............
ဘ၀မှာ လိုအပ်တဲ့ သူငယ်ချင်းကောင်း မိတ်ဆွေများကို တန်ဖိုးထားပါ ..............
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
... အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကို
သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်....
                                ကိုတင့်
ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့
ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့
(၁) စိတ်ဝိညာဉ်ကို လှဲကျင်းပါ
လူအများက အိမ်ခန်းတွေရှင်းလင်းပြီးနောက် သန့်ရှင်းသွားတဲ့ခံစားမှုမျိုးကို နှစ်သက်ကြတယ်။ အဲဒီလိုပဲ ဆံပင်ညှပ်ပြီးနောက် ပေါ့ပါးသပ်ရပ်သွားတဲ့ ခံစားမှုမျိုးကိုနှစ်သက်ကြတယ်။
အကြောင်းက ပိုလျှံတာတွေကို ရှင်းထုတ်ပစ်လိုက်လို့ဖြစ်တယ်။
ကလေးဘဝက ပျော်စရာကောင်းပါတယ်။ သူတို့မှာ ဘာတွေးတောခံစားမှု၊ ဘာစိတ်ညစ်စရာမှ မရှိသေးလို့ဖြစ်တယ်။ အရွယ်ရောက်နေပြီဖြစ်တဲ့ ကျွန်တော်တို့မှာတော့ ဘဝရဲ့ဖိစီးမှုတွေ၊ တွေးတောမှုတွေက ရှုပ်ထွေးများပြားပြီး နာကျင်ခံစားမှုတွေကို တိုးချဲ့နေကြပါတယ်။
ကွန်ပြူတာက Recycle Binကို မကြာခဏ ရှင်းပေးရတယ်ဆိုတာကို ကွန်ပြူတာသုံးသူတိုင်း သိကြပါတယ်။ ဒါမှ နေရာလွတ်များများမယူဘဲ ကွန်ပြူတာရဲ့အရှိန်ကို မြန်စေမှာဖြစ်တယ်။ လူရဲ့ဦးနှောက်ကလည်း အဲဒီအတိုင်းဖြစ်တယ်။ အရာတိုင်းကို ချန်ထားလို့မရပါဘူး။ အသုံးမဝင်တော့တာတွေကို ပစ်ထုတ်ရပါတယ်။ ထက်မြက်သူတွေက အကောင်းအဆိုးကို ရွေးချယ်နိုင်သူ၊ အချိန်အခါကို သိတဲ့လူဖြစ်တယ်။ စိတ်ခံစားမှုများတဲ့လူတွေက ခရီးဝေးဝေး မတွင်သလို၊ စိတ်ခံစားချက် လုံးဝမရှိသူတွေက အများအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့ပါတယ်။
ဘဝမှာလည်း အဲဒီအတိုင်းပဲဖြစ်တယ်။ စိတ်ကို အမြဲမပြတ်သန့်ရှင်းမှုတွေလုပ်ပြီး စွန့်သင့်တာကို စွန့်ရပါတယ်။ "ဘဝမှာ သွပ်သိပ်ထိုးထည့်ထားတဲ့ ပစ္စည်းနည်းလေ စွမ်းရည်တွေကို ပိုထုတ်ဖော်နိုင်လေဖြစ်တယ်"။ ပြဇာတ်တစ်ခုမှာ လူတစ်ယောက် အခြားလူတစ်ယောက်ကို "သွားပါ.. နောက်မလှည့်ကြည့်စတမ်း ထွက်သွားပါ။ မဖြစ်မြောက်မချင်း မပြန်လာပါနဲ့"လို့ဆိုတယ်။ ဆိုလိုချင်တာက လက်ရှိနေရာကခွာခိုင်းပြီး အတိတ်က ဖြစ်ခဲ့သမျှအရာတွေထဲ သူနစ်ဝင် မနေစေချင်လို့ဖြစ်တယ်။
စိတ်ဝိညာဉ်ကို လှဲကျင်းတာဟာ ရုန်းကန်လှုပ်ရှားမှုတစ်မျိုးဖြစ်တယ်။ လူ့ဘဝဆိုတာ အမြဲတမ်း လက်ပြနှုတ်ဆက်နေတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ ဇာတိမြေကိုခွဲခွာရတယ်။ နာကျင်ကြေကွဲသူက နာကျင်ကြေကွဲခဲ့ဖူးတဲ့နေရာကို နှုတ်ဆက်တယ်။ သိမ်းငှက်တွေက ငြိမ်းအေးသက်သာတဲ့ဘဝကို နှုတ်ဆက်ရတယ်။ ပျော်ရွှင်ခြင်းက ကြေကွဲခြင်းကို နှုတ်ဆက်ရတယ်။ နှုတ်ဆက်ခြင်းမရှိရင် ကြီးပြင်းခြင်းဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြံ့ခိုင်သန်မာဖို့အတွက် ခေါင်းငဲ့လှည့်ထွက်ရဲရတယ်။ ပိုကောင်းတဲ့တွေ့ဆုံခြင်းအတွက် ခွဲခွာတာဖြစ်တယ်။
(၂) လက်လွတ်တာဟာလည်း ခွင့်လွှတ်သည်းခံခြင်းတစ်မျိုး
လူတစ်ယောက်ကလည်း နိုင်ငံတစ်နိုင်ငံနဲ့တူပါတယ်။ ခွင့်လွှတ်သည်းခံခြင်းမရှိရင် ကြီးပြင်းဖြစ်ထွန်းတာတွေ ရှိမှာမဟုတ်ဘူး။ အောင်မြင်တဲ့အချက်တွေထဲမှာ စိတ်သဘောထားကြီးမြတ်တာက ပထမ၊ ဒါမှမဟုတ် ခွင့်လွှတ်သည်းခံခြင်းက ပထမဆိုရင်လည်း မှားမယ်မထင်ပါဘူး။
တစ်ခါတလေမှာ တုန့်ပြန်တိုက်ခိုက်မယ့်စကားကို လက်လွတ်လိုက်တာ၊ ဒေါသထွက်တဲ့အပြုအမှုကို လက်လွတ်လိုက်တာ၊ ကလဲ့စားပြန်ချေမယ့်ဆန္ဒကို လက်လွတ်လိုက်တာဟာလည်း ခွင့်လွှတ်ခြင်းတစ်မျိုးပဲဖြစ်တယ်။
ထက်မြက်တဲ့လူတွေက ဖြေရှင်းချက်ပေးတာကို အမြဲလက်လွတ်ကြတယ်။ ဖြေရှင်းချက်ဆိုတာ အကာအကွယ်လို့ လူအများက မြင်ကြတယ်။ "တချို့အချိန်အခါမှာ ဖြေရှင်းချက်ဆိုတာ မလိုပါဘူး။ ရန်သူက သင့်ဖြေရှင်းချက်ကို မယုံဘူး။ သူငယ်ချင်းက သင့်ဖြေရှင်းချက်ကို မလိုဘူး"။ ဒါကြောင့် ကိစ္စတော်တော်များများမှာ နဂိုကတည်းက ဖြေရှင်းချက်ဆိုတာ လိုကိုမလိုတာပါ။ ကောင်းကင်မကြည်လင်တာ မိုးသဲသဲမည်းမည်း ရွာမချလို့ပါ။ သဲသဲမည်းမည်းရွာချခဲ့ရင် ကောင်းကင်က ကြည်လင်သွားပါတယ်။
အောင်မြင်တဲ့လူတွေဟာ အဆူအဆဲခံရမှာကို မကြောက်ကြဘူး။ အကြောင်းက အလုပ်လုပ်သူတိုင်းမှာ အမှားအယွင်းဆိုတာရှိတယ်၊ လူတွေနဲ့ ထိတွေ့ဆက်ဆံရတယ်၊ လူတချို့ရဲ့ မကြည်လင်တာကို ခံရတယ်။ တကယ်တော့ လောကမှာ ၁ဝဝ%အပြည့်ဆိုတဲ့အရာက နည်းပါးလို့ ၅ဝ%သောလူတွေက သင့်ကိုအားပေးထောက်ခံရင်ပဲ မဆိုးတော့ပါဘူး။ ဆန့်ကျင်ဝေဖန်တာတွေကို ခံနိုင်ဖို့ ကိုယ်တိုင်လေ့ကျင့်ယူရတယ်။ ဝေဖန်ချက်တွေထဲကနေ အကြံဉာဏ်ယူရဲရတယ်။ ဆန့်ကျင်ဝေဖန်သူတွေကို မကျေမနပ် မဖြစ်ပါနဲ့။ သူတို့မှာလည်း သူတို့ရဲ့လွတ်လပ်တဲ့ အတွေးအမြင်တွေရှိနိုင်တယ်။ သူတို့နဲ့ ငြင်းခုန်ရန်ဖြစ်ဖို့ သင့်ခွန်အားကို မဖြုန်းတီးပါနဲ့။ သင်ရှေ့ဆက် ခရီးနှင်ရဦးမယ်။
(၃) အချိန်က အလှတွေကို ဖန်တီးတယ်
လူတိုင်းလိုလိုမှာ နာကျင်ကြေကွဲရာနေရာတွေ ရှိကြတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက်လည်း အဆန်းတော့မဟုတ်ပါဘူး။ တချို့အရေးပါတယ်ဆိုတဲ့နေရာတွေ-- ဥပမာ-- ဇာတိမြေ၊ မိခင်ကျောင်း၊ အချစ်ဦးနဲ့တွေ့ခဲ့ရနေရာ.....စတဲ့.... စတဲ့နေရာတွေကို စိတ်လိုလက်ရပြန်လာသူတွေ နည်းကြတယ်။ အဲဒီနေရာတွေမှာ ဇာတ်လမ်းတွေ၊ အတည်ဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့လို့ဖြစ်တယ်။ အဲဒီနေရာကိုပြန်ရောက်ရင် အတိတ်ကိုပြန်တမ်းတမိပြီး နာကျင်ကြေကွဲရတယ်။
အရာအားလုံးကို သိမြင်သွားတဲ့အချိန်က ဆုံးရှုံးစရာတွေ ဘာမှမရှိတော့ဘူးလို့ သိတဲ့အချိန်ဖြစ်တယ်။ အချိန်က အရာရာကိုတိုက်စားသွားပြီး လှပတဲ့ အမှတ်တရတွေ၊ နုပျိုတဲ့ အမှတ်တရတွေ၊ ကြီးပြင်းတဲ့ အမှတ်တရတွေ၊ ရုန်းကန်ခဲ့တဲ့ အမှတ်တရတွေကိုပဲ ချန်ခဲ့ပါတယ်။ ပုခုံးချင်းတိုက်သွားတဲ့ နှုတ်ဆက်အပြုံးတွေ၊ အထီးကျန်ညထဲက နွေးထွေးတဲ့အလင်းရောင်တွေ ဒါတွေကို အမှတ်တရချန်ခဲ့ပါတယ်။ ကျောင်းအထိမ်းအမှတ်ပွဲ တော်တော်များများကို ကျွန်တော်တက်ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော့်မျက်စိကို စွတ်စိုစေခဲ့တာက ငွေရောင်ဆံပင်တို့ရဲ့ ပြန်လည်တွေ့ဆုံခြင်း မျက်ရည်တွေပဲဖြစ်ပါတယ်။ အချိန်က သံမဏိလိုမာကျောတဲ့ အသဲဝိညာဉ်ကို ပျော့ပျောင်းစေခဲ့ပါတယ်။
မနာလိုဝန်တိုခြင်းဆိုတာ နီးစပ်တဲ့နေရာ၊ နီးစပ်တဲ့နယ်ပယ်မှာဖြစ်ပွားပြီး သဘောထားကွဲလွဲမှုဆိုတာ စိတ်ဝင်စားမှုတူညီတဲ့အရာက စဖြစ်ပွားတယ်လို့ စိတ်ပညာရှင်တွေက ဆိုခဲ့ပါတယ်။ သက်ရှိသတ္တဝါအားလုံးက ပြင်းထန်တဲ့ရုန်းဆန်မှုတွေမှာ ဇာတိရုပ်ပေါ်ပါတယ်။ သက်ရှိသတ္တဝါတွေက မျိုးပွားမြန်ဆန်တဲ့ အလေ့အထဖြစ်ပြီး သဘာဝအရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့ အခြေအနေမှာ ရှင်သန်ဖို့ ရုန်းကန်ကြရတယ်။ အပြင်းထန်ဆုံး ရုန်းဆန်မှုတွေက တူတဲ့မျိုးရိုးအုပ်စုအချင်းချင်းတွေမှာ ဖြစ်ကြတာများတယ်။ သူတို့က တစ်နေရာတည်းမှာ အတူနေကြပြီး တူတဲ့စားနပ်ရိက္ခာတွေကို လိုအပ်လို့ဖြစ်တယ်။
ပြင်းထန်ထိတ်လန့်စရာ ဆက်ဆံရေးတချို့က အချိန်နဲ့အကွာအဝေးကို လိုပါတယ်။ အကွာအဝေးဝေးလေ ပြင်းထန်မှုက လျော့နည်းလေလို့ ခံစားရတယ်။ အဝေးကနေကြည့်ရင် အရာရာတိုင်းက လှပနေတတ်ပါတယ်။
ဒါကြောင့် ဖြေရှင်းလို့မရတဲ့အရာတွေအတွက် ကျွန်တော်တို့ ဝမ်းနည်းစိတ်ညစ်နေစရာ မလိုပါဘူး။ ဒီ့ထက် ပိုဖြေရှင်းရခက်တဲ့အရာတွေလည်း အချိန်ရဲ့တိုက်စားမှုနောက် မျောပါသွားကြပါတယ်။ မတော်တဆပဲဖြစ်ဖြစ်၊ အထင်လွဲတာပဲဖြစ်ဖြစ်၊ အရေးမလုပ်တာပဲဖြစ်ဖြစ်၊ တွေဝေတာပဲဖြစ်ဖြစ် .. အရာအားလုံးကို အချိန်က တဖြည်းဖြည်း တိုက်စားသွားပါလိမ့်မယ်။
(၄) နောက်ဆုတ်တဲ့ အတတ်ပညာ
ဘယ်လောက်ကောင်းတဲ့ မျက်လုံးပဲဖြစ်ဖြစ် အရာတစ်ခုကို ကြာကြာကြည့်မိရင် ညောင်းညာတတ်တာပါပဲ။ လူရဲ့ခန္ဓာကိုယ်၊ ခံစားချက်နဲ့ အသိပညာက လူတစ်ယောက်ကို အမြင့်မှာကြာကြာရပ်နိုင်ဖို့ မစွမ်းသာခဲ့ပါဘူး။ ဘဝ တပတ်လည်အချိန်အတွင်းမှာ အဆင်းနဲ့ မလွဲမသွေကြုံရတာလည်းရှိတယ်။ အချိန်တစ်နှစ်ဟာ ဘဝတပတ်လည်တဲ့အချိန်ဖြစ်တယ်။
"အချိန်အခါနဲ့လိုက်ပြီး လှလှပပရှေ့တိုးတတ်တာနဲ့ လှလှပပနောက်ဆုတ်တတ်တာတွေက ဘဝမှာ အရေးပါတဲ့အရာဖြစ်တယ်။ လူတွေကိုကူညီဖန်များရင် ကံကောင်းခြင်းနတ်သမီးကလည်း ပင်ပန်းတတ်သတဲ့"။ အရေးကြီးတာက စင်ပေါ်တက်ချိန် လူတွေရဲ့ထောမနာသံကိုရဖို့ထက် စင်အောက်ဆင်း ခွဲခွာချိန်မှာ သင့်ကို လူတွေလွမ်းဆွတ်နေဖို့ပဲဖြစ်တယ်။
နောက်ဆုတ်တဲ့ အတတ်ပညာက အစကောင်းရင် အဆုတ်ကောင်းတယ်ဆိုပေမယ့် စိတ်လိုလက်ရ နောက်ဆုတ်ခြင်းက စိတ်လိုလက်ရ ရှေ့တိုးခြင်းထက် ခက်ခဲပါတယ်။ တောင်ထိပ်ပေါ်မှာ အရာရာကလှပနေပြီး တောင်ဆင်းတဲ့အချိန် လူက ပင်ပန်းနှုံးချိနေခဲ့လို့ဖြစ်တယ်။ ဒီတစ်တောင်ကိုမဆင်းရင် နောက်တစ်တောင်ကိုတက်ဖို့ အခွင့်မရပါဘူး။ လူ့ဘဝတစ်သက်မှာ တောင်ပေါင်းများစွာ တက်ရပါတယ်။ တောင်တိုင်းတောင်တိုင်းမှာ ထူးခြားမှုလေးတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်တောင်ကမှ သင့်အမြဲရပ်နေဖို့ မထိုက်တန်ခဲ့ပါဘူး။ ကျောက်တုံးတွေက လှိမ့်နေမှ ရေညှိမကပ်မှာဖြစ်တယ်။
(၅) ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့
"လူတစ်ယောက်ကို အပြုံးတစ်ပွင့်ပေးလိုက်ရလို့ သင့်မှာ တစ်ခုခုဆုံးရှုံးသွားရတယ်ဆိုတာ မရှိပါဘူး။ အပြုံးက ရောင်ပြန်ဟပ်ပါတယ်"။ ကိုယ်ဘယ်လိုပေးဆပ်ရင် ဘယ်လိုပြန်ရတာပါပဲ.... ပြုံးရယ်တာကို မကြိုက်တဲ့လူဆိုတာ မရှိပါဘူး။
ဒါပေမဲ့ ပြုံးရယ်နိုင်တဲ့အရာတွေက သင့်ကိုယ်ဘေးမှာ အမြဲမရှိနိုင်ဘူး။ သင့်ကို စိတ်ရှုပ်၊ စိတ်ညစ်စေတဲ့အရာက တော်ရုံနဲ့ မပျောက်ပျယ်သွားဘူး။ ကိုယ်ချစ်ခင်နှစ်သက်သူနဲ့ အမြဲအတူမနေရ၊ ကိုယ်သဘောကျတဲ့အရာကို မပိုင်ဆိုင်ရတာတွေက လူတွေရဲ့မပျော်ရွှင်တဲ့ရင်းမြစ်ဖြစ်တယ်။ သူတို့နဲ့အတူမနေရရင် ပျော်ရွှင်ခြင်းဆိုတာလည်း မရှိလို့ဖြစ်တယ်။
တလောက ကျွန်တော့်စိတ်တွေ အရမ်းရှုပ်ထွေးခဲ့တယ်။ ကျွန်တော်ချစ်တဲ့ကောင်မလေးက ကျွန်တော့်ကို ဂရုမစိုက်လို့ဖြစ်တယ်။ ကျွန်တော်သေသေချာချာလုပ်ခဲ့တဲ့ စာမူကိုလည်း ဟိုပြင်လိုက် ဒီပြင်လိုက်၊ မကြာခဏ ကျွန်တော်ဖျားနာပြီး ကျန်းမာရေးလည်း ချွတ်ယွင်းခဲ့တယ်။ ကျွန်တော့်နေ့စဉ်ဘဝတွေ ပြောင်းဆန်ခဲ့တယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က "ဘာပဲရှုံးရှုံး စိတ်ခံစားချက်တော့ မရှုံးစေနဲ့။ လက်လွတ်သင့်တာတွေ လက်လွတ်လိုက်ပါ"လို့ ကျွန်တော့်ကို အသိပေးတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်းပြောင်းလိုက်တယ်။ အဲဒီကောင်မလေးကို ကျွန်တော်မရှာတော့ဘူး။ စာမူကိုလည်း အဆုံးသတ်ပြီး စာအုပ်တိုက်ပို့လိုက်တယ်။ ပျင်းရိငြီးငွေ့ပြီး မသပ်ရပ်တဲ့ဘဝကို ကျွန်တော်စွန့်လွတ်လိုက်တယ်။ နေ့တိုင်း ဘောလုံးကစား၊ အပြေးလေ့ကျင့်တာတွေ ကျွန်တော်လုပ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော့်ကျန်းမာရေးတွေ ကောင်းလာခဲ့တယ်။ စာမူလည်း အရွေးခံခဲ့ရတယ်။ အဲဒီကောင်မလေးကို ကျွန်တော်ဂရုမစိုက်တော့ဘဲ ကျွန်တော့်ကိုယ်ကျွန်တော် စ,ဂရုစိုက်လာခဲ့တယ်။
လူတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုက သင့်ကိုမပျော်ရွှင်စေတာဟာ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်တယ်။ တချို့အကြောင်းရင်းကို သင်အချိန်အကြာကြီးသုံးပြီးမှ သိနားလည်ရသလို တချို့အကြောင်းရင်းက သင်တစ်သက် နားမလည်ခဲ့တာလည်းရှိတယ်။ ဒါတွေဟာ အရေးမကြီးပါဘူး။ အရေးကြီးတာက ဒါတွေဟာ သင့်ကို မပျော်ရွှင်စေဘူး၊ သင့်ခံစားချက်ကို နှောင့်ယှက်တယ်၊ သင့်ရဲ့ ဆင်ခြင်ဆုံးဖြတ်ဉာဏ်ကို အဟန့်အတားဖြစ်စေတယ်။ သင့်အချိန်ကို ဖြုန်းတီးစေတယ်။
သင့်ကို အသစ်တဖန်နားလည်စေမယ့် အခွင့်အရေးတွေ တခြားလူကိုပေးလိုက်ပါ။ ကျယ့်ပြန့်တဲ့ လောကကြီးအကြောင်း နားလည်ဖို့ သင့်ကိုယ်သင် အခွင့်အရေးပေးလိုက်ပါ။ ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကိုတော့ မရှုံးပါစေနဲ့။
မူရင်း--- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20080331/4699.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Saturday, November 12, 2011
မိမိကိုယ် မိမိရိုသေဘို့ လိုတယ်
မိမိကိုယ် မိမိရိုသေဘို့ လိုတယ်
ဆေးရုံတစ်ရုံမှာ ဆေးကျောင်းသားတစ်စု လူနာကိုလက်တွေ့ စတင်ထိတွေ့ ရမယ့်နေ့ ပေါ့။
သူတို့ တစ်တွေ လူနာ ကုတင်တစ်ခုလုံးကို ပတ်ဝိုင်းပြီးရပ်နေကြတယ်။ ဂျူတီကုတ်ဖြူဖြူတွေကိုယ်စီဝတ်ထားကြပေမယ့် နားကြပ်တော့မပါကြပါဘူး ၊
သူ့ တို့ နားကြပ်တွေကို စစ္စတာရဲ့ အခန်းထဲ ထားခဲ့ရမယ်လို့ ဆရာ ကမနေ့ က မှာထားခဲ့ပါတယ်။
မကြာခင်ဆရာရောက်လာပါတယ်။
“ကဲ.. ဒီလူနာကိုမင်းတို့ နားထောင်ရမယ့်အကြာင်း ခွင့်တောင်းထားပြီးပြီ ၊ မင်းတို့ သူ့ နှလုံးခုန်သံကို စိတ်ကြိုက်နားထောင်လို့ ရတယ်။ နှလုံးအဆို့ ရှင်ကျဉ်းတဲ့အသံဟာ ဒီလူနာမှာ
သိပ်ကို ထင်ထင်ရှားရှားကြီးကြားနေရတယ်။ ဒီလောက်ပီသတဲ့အသံမျိုး ရှားတယ်။'"
ဆေးကျောင်းသားအားလုံးဟာ ဒီနှလုံးအဆို့ ရှင် ကျဉ်းတဲ့ နှလုံးသွေးစီးသံ နဲ့ ပါတ်သတ်ပြီးစာတွေ့ အားဖြင့် လေ့လာမှတ်သားဖူးပြီးသားပါ ။ဒါပေမယ့် လက်တွေ့ မှာ တစ်ခါမှ မကြားဘူးသေးဘူး။
သီအိုရီ အရပဲ ဘာသံပြီးရင် ဘာသံလာရမယ်၊ ဘယ်လိုကြားရမယ်ဆိုတာ သိထားကြပါတယ်။
ဆရာက သူတို့ ကို နားကြပ် တစ်ခု ကမ်းပေးလိုက်ပါတယ် ။ “ကဲ…အချိန်ယူပြီးသေသေချာချာနားထောင်ကြ၊သိပ်ကောင်းတဲ့အသံပဲ”လို့ ပြောပြီးကျောင်းသားတစ်ယောက်ကိုလှမ်းပေးလိုက်တယ်။
ကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဆရာ့နားကြပ်နဲ့ နားထောင်ကြပါတယ် ။့ နားထောင်ရင်းခေါင်းညိတ်ကြတယ် ။
“ဟာ…ဟုတ်တယ် ၊ ဟုတ်တယ် ၊ကြားရတယ် ။စာထဲကအတိုင်းပဲ ”လို့ တယောက်ပြီးတစ်ယောက်နားထောင်ပြီးကျောင်းသားအားလုံးကပြောကြတယ်။
ပြီးတဲ့အခါ စစ္စတာရဲ့ အခန်းမှာ စာသင်ဖို့ အားလုံးပြန်စုကြ တော့လို့ ဆရာကပြောပြီး၊ ခုဏ ကကြားရတဲ့ အကြောင်းမေးပါတယ် ။
“မင်းတို့ အားလုံးနားထောင်ပြီးကြားခဲ့ပြီလား.....” တဲ့ ။
ကျောင်းသားအားလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြတယ်။
ဆရာကဘာမှ ဆက်မပြောပါဘူး ။ဆရာကသူတို့ ကိုပေးလိုက်တဲ့နားကြပ် ကိုယူပြီး နားကြပ်က၀က်အူရစ်ကို ဖြေးဖြေးခြင်း လှည့်ဖွင့်နေပါတယ်။ပြီးတော့ အိတ်ထဲက ဇာဂနာ တစ်ချောင်းထုတ်ပြီ့း နားကြပ်ရဲ့  ပိုက်တစ်လျောက်မှာ
ထိုးတည့်ထားတဲ့ ဂွမ်းစတွေကိုဆွဲထုတ်လိုက်တဲ့အခါ ကျောင်းသားအားလုံးဟာ ပါးစပ်ဟောင်းလောင်းဖြစ်ကုန်ကြပါတော့တယ် ။
ဘာမှ မကြားနိုင်တဲ့နားကြပ်နဲ့  နားထောင်ပြီး ကြားခဲ့တယ်လို့  သူတို့ ပြောခဲ့မိပြီ ။ ပြောတာမှ ပီပီသသကြီးကြားခဲ့ရတယ် တဲ့၊ ။စာအုပ်ထဲကအတိုင်းပဲတဲ့ ၊၊
ဆရာက တစ်ခွန်းပဲပြောလိုက်ပါတယ်။
  • “မင်းတို့  … နောက်ကို ဒီလိုဘယ်တော့မှ မဖြစ်ကြစေနဲ့ ၊
  • ဘာမှမကြားရရင် မကြားဘူးပဲပြောပါ ။
  • ဟန်မဆောင်နဲ့ ။ မညာနဲ့ ၊
  • ကိုယ့်ကိုယ်ကို လည်း မညာမိစေနဲ့ ”၊
ဒါကတော့ အဲဒီ ဆေးကျောင်းသား တစ်စုရဲ့ ပထမဆုံးသော လူနာချည်းကပ်နည်း သင်ခန်းစာပါ ။
အဲ့ ဒိ့ နေ့ ကဆရာ စာမသင်ပါဘူး ၊ဆရာသင်ပေးလိုက်တာကတော့
  • တွေ့ ရင်တွေ့ တဲ့အတိုင်း
  • ကြားရင်ကြားတဲ့အတိုင်း
  • မြင်ရင်မြင်တဲ့အတိုင်း ပြောပါ။ .....ဒါ ပထမဆုံးသင်ခန်းစာ” တဲ့။
ဆေးပညာအတွက်သာမက ဘ၀တစ်လျှောက်အတွက်ပါ ဒီစကား အရေးကြီးလှပါတယ်။
" မိမိကိုယ် မိမိ တို့ ရိုသေဖို့ လိုတယ် " ဆိုတာသင်ပေးလိုက်တာပါ ။
ဝန်ခံချက်။ ။စာရေးဆရာ..ကမောင်သစ်ဆင်းပါ...။မနက်ဖြန်ဆိုတဲ့ ...ဆောင်ပါးထဲ က.
.ကြိုက်နှစ်သက်လွန်းလို့ ဘလော့ အနေနဲ့ ရေးပေးလိုက်တယ်။     
အချစ်နှင့် အိမ်ထောင်ရေး......
အချစ်နှင့် အိမ်ထောင်ရေး......
(၁) စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့လက်မည်းကြီးတစ်စုံပါ။ အထူးသဖြင့်
အချစ်ကိုသတ်ဖြတ်ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။
(၂) မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။
သေနတ်ဖျားမှာ ခြင်္သေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ
တိုင်တန်းနစ်သဘောင်္ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး
မကျယ်ဝန်းနိုင်ဘူး။
ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?အခက်အခဲရှေ့မှာ
အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။
(၃) လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှမနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!
(၄) သူ့"အမှား"ကို အပြစ်ရှာချင်ရင် သင့်ဖက်က"မှန်"ရပါမယ်။
စိတ်ခံစားချက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။
(၅) အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ
ကိုယ့်ကိုယ်ကို မပျောက်ပျက်စေနဲ့။
(၆) ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ
နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု"ပျော်ရွှင်ခြင်း"
အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု"စိတ်ဆင်းရဲခြင်း"အကြောင်းပဲ
ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့
မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့
မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။
(၇) ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။
ဒါပေမဲ့ တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။
တချို့က တသတ်မှတ်အတွေး၊ မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ
လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ခြားနားချက်ဖြစ်တယ်။
(၈) "'ဒိုးတူပေါင်ဖက်"ဆိုတဲ့အဆင့်ကိုရောက်ဖို့ အိမ်ထောင်ကျတဲ့
ယောက်ျားမိန်းမတိုင်း မျှော်လင့်ကြတယ်။ "မိန်းမက ယောက်ျားကို
ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်မယ်ဆိုရင်
ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့" ယောက်ျားတွေက ပြောပါတယ်။
"ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို
နည်းနည်းပိုထမ်းရွက်မယ်ဆိုရင် မိန်းမတွေက ယောက်ျားစကားကို
ပိုနားထောင်ပါတယ်တဲ့" မိန်းမတွေက ပြောပါတယ်။
(၉) အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကိုအချင်းချင်းချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို
ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ
ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ
လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ တစ်ခါတလေမှာ
လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။
နားလည်ခြင်းဆိုတဲ့ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့
စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာဖြစ်တယ်။
(၁ဝ) ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ....
နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား
နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား
မေး။     ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
       (မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
ဖြေ။     ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ  ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။ အဘာဝပညတ်လို့ ခေါ်ပါတယ်။
နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ဟာ အမှန် ရှိပါတယ်။ သို့သော် ဘယ်မှာမှ မရှိပါဘူး။ နားထွေးသွားပါသလား။
ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီ သဘာဝကြီးဟာ အကြောင်း တစုံတရာကြောင့် ဖြစ်ပေါ်လာတဲ့ (သင်္ခတ)သဘာဝ မဟုတ်ပါဘူး။
မူလကတည်းက သဘာဝအလျောက် ရှိနေတဲ့ အရှိ(အသင်္ခတ) သဘာဝကြီးပါ။
ဒီနေရာမှာ သင်္ခတနဲ့ အသင်္ခတရဲ့ အဓိပ္ပာယ်ကို သဘောမပေါက်သေးသူများအတွက် အနည်းအကျဉ်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။
‘သင်္ခတ’ဆိုတာ “အကြောင်းတို့ စုပေါင်း ပြုလုပ်ပေးလို့ ဖြစ်ပေါ်လာတဲ့ တရား” လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့် ဖြစ်တဲ့ တရားဟာ သင်္ခတတရား”ပါပဲ။
ရုပ်နဲ့နာမ်ကို သက်ဆိုင်ရာအကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာမို့ ‘သင်္ခတတရား’လို့ ခေါ်ရပါတယ်။
မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားများဖြစ်လို့ “သင်္ခတပရမတ်”တရားများလို့ ခေါ်ရပါတယ်။
သို့သော်လည်း အကြောင်းကြောင့်ဖြစ်တဲ့ ‘အဖြစ်တရား’များမို့ သူတို့ဟာ ပျက်ပါတယ်။
ဘာကြောင့် ပျက်သလဲဆိုတာ့ ဖြစ်လို့ ပျက်တာပါပဲ။
ဒါကြောင့် ‘သင်္ခတနယ်’ ဟာ ဖြစ်ပျက်နယ်ပါ။
ဖြစ်ပျက်နယ်ထဲမှာ ရှိလို့ သင်္ခတဖြစ်တဲ့ ရုပ်နာမ်မှန်သမျှဟာ ဖြစ်ပျက်ဆင်းရဲ သင်္ခါရဒုက္ခချည်းပါပဲ။
‘အသင်္ခတ’ ဆိုတာကတော့ သင်္ခတရဲ့ ပြောင်းပြန် သဘာဝပါ။
“အကြောင်းတို့ စုပေါင်း မပြုလုပ်အပ်တဲ့ သဘာဝ”လို့ ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့်ဖြစ်တဲ့ အဖြစ်တရား မဟုတ်ဘူး”လို့ ဆိုလိုပါတယ်။
အဖြစ်တရားမဟုတ်တဲ့ ဒီ အသင်္ခတ သဘာဝဟာ မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားဖြစ်လို့ မူလ သဘာဝ အနေနဲ့ ရှိနေတဲ့ “အရှိပရမတ်”တရားပါ။ “အသင်္ခတပရမတ်”ပေါ့။
အဲဒီ အရှိတရားဟာ ဘာလဲဆိုတော့ သူဟာ သင်္ခတရဲ့ ပြောင်းပြန်သဘောဖြစ်လို့ သင်္ခတ ခေါ်တဲ့ ရုပ်နာမ်ငြိမ်းနေခြင်း၊ ရုပ်နာမ် မရှိခြင်း သဘောပါပဲ။
ရုပ်နဲ့နာမ် ရှိနေသမျှ ဆင်းရဲနေတယ်။
ရုပ်နာမ်ငြိမ်းသွားတော့ ဆင်းရဲ မရှိတော့ဘူး။
အဲဒီ ဆင်းရဲငြိမ်းနေတာဟာ တကယ်ရှိတဲ့ အရှိသဘာဝပါပဲ။
ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ရပါတယ်။
အဲဒါဟာ အသင်္ခတတရားပါပဲ။
ဒီ ဆင်းရဲငြိမ်းနေတဲ့ ဆင်းရဲကင်းနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝမို့ သူဟာ အကြောင်းကြောင့် ဖြစ်တာ မဟုတ်လို့ သူ့ကို အသင်္ခတလို့ ခေါ်ရပါတယ်။
အဖြစ်တရား မဟုတ်၊ အရှိတရားလို့ ဆိုလိုပါတယ်။
အရှိတရားဖြစ်လို့ မဖြစ်တဲ့အတွက် ပျက်လည်း မပျက်ပါဘူး။
ဒါကြောင့် အသင်္ခတနယ်လို့ ခေါ်တဲ့ နိဗ္ဗာန်ဟာ ဖြစ်ပျက်နယ်ကို လွန်မြောက်နေပြီဖြစ်လို့ ဆင်းရဲမရှိဘဲ ဆင်းရဲငြိမ်းနေပါတယ်။
ဒီတော့ အကျဉ်းချုပ်လိုက်ရင် သင်္ခါရလို့လည်း ခေါ်တဲ့ သင်္ခတအဖြစ်တရားများဟာ ဖြစ်ပျက် မကင်းလို့ ဆင်းရဲတယ်။
အသင်္ခတ ခေါ်တဲ့ အရှိတရားဟာ ဖြစ်ခြင်းပျက်ခြင်း မရှိလို့ ဆင်းရဲငြိမ်းတယ်။ ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ပါတယ်။
ဒါကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော် (စာ-၁၅) မှာလည်း -
“ဥပ္ပါဒေါ - အဖြစ်တရားသည်၊
သင်္ခါရာ - ရုပ်နာမ်သင်္ခါရတို့ပေတည်း။
အနုပ္ပါဒေါ - မဖြစ်တရား (အရှိတရား)သည်၊
နိဗ္ဗာနံ - နိဗ္ဗာန်ပေတည်း။” လို့ အဖြစ်တရားနဲ့ အရှိတရားကို ခွဲခြား မိန့်တော်မူခဲ့တာပါပဲ။
ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ အရှိပရမတ်တရားဟာ တည်ရာ ဌာန မရှိလို့ ဘယ်နေရာမှာ ရှိတယ်လို့ ပြောမရသလို အဖြစ်တရား မဟုတ်လို့ ဘယ်အချိန် ဘယ်ကာလက ဖြစ်တယ်လို့လည်း ပြောလို့ မရပါဘူး။
ဒါကြောင့် အပတိဋ္ဌ = တည်ရာဌာန မရှိတဲ့ တရား၊ ကာလဝိမုတ္တ = အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတဲ့ အချိန်ကာလမှ လွတ်တဲ့ တရားပါ။ ( Nibbanna is beyond time and space. )
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စတဲ့ တရားတွေဟာ သတ္တဝါကို ပူလောင်စေတဲ့ တရား၊ ဆင်းရဲစေတဲ့ တရားတွေပါ။ ဒါကြောင့် သူတို့ကို ကိလေသာလို့ ခေါ်ပါတယ်။
ဒီ ကိလေသာတွေ ရှိနေသမျှ ဆင်းရဲနေတာပါပဲ။
ဒီ ကိလေသာတွေ မရှိရင် ဆင်းရဲငြိမ်းပြီး ချမ်းသာတော့တာပါပဲ။
ဒါကြောင့် ကိလေသာငြိမ်းခြင်းဟာ ဆင်းရဲငြိမ်းခြင်း = နိဗ္ဗာန်ပါပဲ။
ကိလေသာငြိမ်းသော်လည်း ရုပ်နဲ့နာမ်တချို့က ရှိနေသေးတော့ ဖြစ်ပျက်ဆင်းရဲ = သင်္ခါရဒုက္ခ ကျန်နေပါသေးတယ်။
အဲဒီ ရုပ်နာမ်သင်္ခါရတွေ အဖြစ်ရပ်ပြီး နောက်ထပ် မဖြစ်တော့ဘဲ သင်္ခါရဒုက္ခပါ အပြီးသတ် ငြိမ်းမှပဲ သန္တိသုခ ခေါ်တဲ့ တကယ် အငြိမ်းသဘာဝ နိဗ္ဗာန်ကြီးကို တွေ့ရပါတယ်။
လောကမှာ မီးမရှိဘဲ အေးနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝပါ။
သို့သော်လည်း မီးရှိနေတဲ့အခါမှာတော့ မီးမရှိဘဲ အေးနေတဲ့ သဘာဝကို မတွေ့နိုင် မသိနိုင်ပါဘူး။
မီးငြိမ်းသွားတဲ့အခါကျတော့မှပဲ မူလကတည်းက ရှိနေတဲ့ ဒီအေးတဲ့ သဘာဝကို သေသေချာချာ တွေ့ရသိရပါတယ်။
အဲဒီအတိုင်းပဲ ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ၊ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝကြီးပါ။
ရုပ်နာမ်သင်္ခါရ အဖြစ်ရပ်သွားမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
တစ်ဘက်က ဆင်းရဲရှိနေသလို တခြားတစ်ဘက်ကလည်း ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့ သဘာဝဟာ ရှိနေပါတယ်။
သို့သော်လည်း ရုပ်နာမ်သင်္ခါရတွေ ဖြစ်နေခိုက်မှာတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ သင်္ခါရဆင်းရဲတွေက ဖုံးကွယ်ထားလို့ ဆင်းရဲမရှိတဲ့ သဘာဝကြီးကို မဆိုက်ရောက်နိုင် မသိနိုင်ဘဲ ဖြစ်နေတာပါ။
ရန်ကုန်ကနေ မန္တလေးအမြန်ရထား စီးသွားတော့ လမ်းဆုံးရင် မန္တလေးမြို့ကြီးကို ရောက်တယ်။
ဒီတော့ ရထားဆိုက်မှပဲ မန္တလေးမြို့ကြီး ဖြစ်ပေါ်လာသလားဆိုတော့ မဟုတ်ပါဘူး။ အများသိတဲ့အတိုင်းပဲ မန္တလေးမြို့ကြီးက အရင်ကတည်းက ရှိနေတာမဟုတ်လား။
(ဟုတ်ပါတယ် ဘုရား)
အဲဒီအတိုင်းပဲ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာလည်း အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်တရား (သင်္ခတ) မဟုတ်။ မူလကတည်းက ရှိနေတဲ့ အရှိတရား (အသင်္ခတ)ပဲ။ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကို လမ်းဆုံးအောင် စီးသွားနိုင်တဲ့ လူကတော့ လမ်းဆုံးရင် အသင်္ခတ သဘာဝ အငြိမ်းဓာတ်ကို ဆိုက်ရောက်သွားမှာပဲ။
တကယ်လို့သာ နိဗ္ဗာန်ဟာ အကြောင်းတစုံတရာကြောင့် ဖြစ်တဲ့ သဘာဝဆိုရင် ပျက်ရတာ ဓမ္မတာဖြစ်လို့ နိဗ္ဗာန်ကိုလည်း ပျက်တယ်လို့ ဆိုရာ ရောက်ပေလိမ့်မယ်။
ဒီလိုဆိုရင် နိဗ္ဗာန်ဟာ ဖြစ်တတ်ပျက်တတ်လို့ ဆင်းရဲပင် ဖြစ်နေတဲ့အတွက် ဆင်းရဲငြိမ်းတဲ့ ချမ်းသာလို့ မဆိုနိုင်ပြန်ဘူး။
တကယ်တော့ နိဗ္ဗာန်ဟာ အရှိသဘာဝဖြစ်လို့ ဖြစ်လည်း မဖြစ်၊ ပျက်လည်း မပျက်ဘူး။
အဲဒီလို မဖြစ်မပျက်လို့ဘဲ ဆင်းရဲငြိမ်းတဲ့ သဘာဝအနေနဲ့ အမြဲ တည်ရှိနေတာပါပဲ။
ဒါကြောင့် “ဓုဝံ = အမြဲရှိနေတဲ့ သဘော”လို့ ဆိုရပါတယ်။ ပြီးတော့ မဖြစ်တဲ့ သဘာဝမို့ သူ့ကို ဖြစ်ပေါ်အောင် လုပ်ပေးတဲ့ အကြောင်းတရားလည်း မရှိဘူး။
ဒါဖြင့်ရင် မဂ္ဂရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရား မဟုတ်ဘူးလား။
မဂ္ဂင်ရှစ်ပါး ကျင့်ကြံပွားများမှ ဆင်းရဲငြိမ်းတာဆိုတော့ မဂ္ဂင်ရှစ်ပါးဟာ ဆင်းရဲငြိမ်းခြင်း ဆိုတဲ့ နိဗ္ဗာန်ရဲ့ အကြောင်းတရားပေါ့လို့ စောဒကတက်စရာ ရှိပါတယ်။
အဖြေကတော့ မဂ္ဂင်ရှစ်ပါး ပွားများမှ ဆင်းရဲငြိမ်းတာ မှန်ပါတယ်။
ဒါကြောင့် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရားဆိုတာလည်း မှန်ပါတယ်။ သို့သော်လည်း မဂ္ဂင်ရှစ်ပါး ပွားခြင်းက ဆင်းရဲငြိမ်းခြင်းကို ဖြစ်စေတာ မဟုတ်ပါဘူး။
မဂ္ဂင်ရှစ်ပါး ပွားခြင်းကြောင့် ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့ သဘာဝကို ဆိုက်ရောက်သွားခြင်းသာ ဖြစ်ပါတယ်။
မီးရထားစီးသွားလို့ မူလကတည်းက ရှိနေတဲ့ မန္တလေးမြို့ကြီးကို ရောက်သွားသလိုပါပဲ။
ဝိသုဒ္ဓိမဂ် (ဒု၊ ၁၄၀)မှာ “ပတ္တဗ္ဗမေဝ ဟေတံ မဂ္ဂေန၊ န ဥပ္ပါဒေတဗ္ဗံ = ဤ နိဗ္ဗာန်ကို မဂ်သည် ရောက်အပ်သည်သာလျှင် ဖြစ်၏။ ဖြစ်စေအပ်သည်ကား မဟုတ်ပေ။”လို့ မိန့်ဆိုထားပါတယ်။
ပိုရှင်းအောင် ပြောရရင် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ကို ဖြစ်စေတဲ့ အကြောင်း (=ဇနကဟိတ်) မဟုတ်။
နိဗ္ဗာန်ကို ရောက်စေတဲ့ အကြောင်း (=သမ္ပာပကဟိတ်)သာ ဖြစ်ပါတယ်။
ဒါကြောင့် နိဗ္ဗာန်ကို ဖြစ်စေတဲ့အကြောင်း မရှိလို့ နိဗ္ဗာန်ဟာ အဖြစ်တရား (သင်္ခတ) မဟုတ်။
အရှိတရား (အသင်္ခတ)သာ ဖြစ်ပါတယ်။
ဖြစ်တဲ့တရား မဟုတ်လို့ ပျက်လည်း မပျက်ပါဘူး။
ဒါကြောင့် ဓုဝံ = အမြဲ ရှိနေတဲ့ ဆင်းရဲငြိမ်းခြင်း သဘာဝကြီးပါ။
ဆင်းရဲ မရှိဘဲ ဆင်းရဲငြိမ်းနေတဲ့ သဘာဝကြီးဟာ အရှိတရား ဖြစ်သော်လည်းပဲ အဲဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝကို ရဖို့ ဆိုက်ရောက်ဖို့ကတော့ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ် ခန္ဓာ ဆင်းရဲ ငြိမ်းမှပဲ ရနိုင် ဆိုက်ရောက်နိုင်ပါတယ်။
အဲဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲငြိမ်းအောင် ဘယ်လိုလုပ်ရမလဲ။
အဲဒီ ဆင်းရဲရဲ့အကြောင်းကို ပယ်သတ်ရပါမယ်။
မီးခိုးကို မမြင် မတွေ့ချင်ရင် မီးခိုးရဲ့အကြောင်းဖြစ်တဲ့ မီးကို ငြိမ်းသတ်ရပါမယ်။
အဲဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ဆင်းရဲကို မလိုချင်ရင် အဲဒီ ဆင်းရဲရဲ့အကြောင်းကို ပယ်သတ်ရမှာပဲ။
ဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲရဲ့ အကြောင်းက လိုချင် တပ်မက် နှစ်သက် တွယ်တာမှု တဏှာလောဘပဲလို့ မြတ်စွာဘုရား မိန့်ကြားခဲ့ပါတယ်။
မှန်ပါတယ်။ တစုံတရာကို လိုချင်ရင် ဆင်းရဲတော့တာပဲ။ ငွေလိုချင်ရင် ငွေလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။ ကားလိုချင်ရင် ကားလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။ အဝတ်အစား တစုံတခုကို တပ်မက်ရင်လည်း အဲဒီ တပ်မက်စိတ်ကြောင့် ဆင်းရဲတယ်။ သူဌေးသူကြွယ်စတဲ့ ဘဝကောင်း ဘဝမွန်တွေကို လိုချင်ရင်လည်း အဲဒီလိုချင်စိတ်ကြောင့် ဆင်းရဲတယ်။
အဲဒီ ဆင်းရဲမှန်သမျှ ရုပ်ဆင်းရဲ နာမ်ဆင်းရဲချည်းပဲ။
ဒါကြောင့် ရုပ်နာမ်ခန္ဓာဆင်းရဲ ငြိမ်းချင်ရင် အကြောင်းဖြစ်တဲ့ လိုချင် တပ်မက် နှစ်သက် တွယ်တာမှု တဏှာလောဘကို ပယ်သတ်မှပဲ ဆင်းရဲငြိမ်းနိုင်မယ်။
ဆက်ပြောပါဦးမယ်။
ရုပ်အသစ် နာမ်အသစ်နဲ့ ဘဝသစ်တစ်ခု ဖြစ်တယ်ဆိုတာလည်း ဘဝဖြစ်ချင်တဲ့ တဏှာလောဘကြောင့် ဖြစ်တာပဲ။
ဘဝတစ်ခု ဖြစ်လာပြီဆိုလို့ရှိရင် ရုပ်အသစ် နာမ်အသစ် ဖြစ်လာတယ်။
ရုပ်နဲ့နာမ်ဖြစ်လာရင် ဆင်းရဲများသလား ချမ်းသာများသလား။
(ဆင်းရဲများပါတယ် ဘုရား။)
ဆင်းရဲများတယ်။ သို့သော် သင်္ခါရဒုက္ခဆိုတဲ့ ဖြစ်ပျက်ဆင်းရဲအနေနဲ့ ဆိုရင်တော့ ဆင်းရဲချည်းပဲ။ ဟုတ်ကဲ့လား။
(ဟုတ်ပါတယ် ဘုရား။)
ကျန်တဲ့ ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ ဆိုတာတွေနဲ့ တွက်လို့ရှိရင်တော့ ဆင်းရဲများတယ်။ ချမ်းသာနည်းတယ်။ သေချာသလား။
(သေချာပါတယ် ဘုရား။)
ဒီတော့ ဆင်းရဲများပြီးတော့ ချမ်းသာနည်းပါလျက်နဲ့ သတ္တဝါဟာ ဘဝတစ်ခု ဖြစ်ပြီးတော့ အသက်ရှင်ချင်မနေဘူးလား။
(ရှင်ချင်နေပါတယ် ဘုရား။)
ကဲ မေးရဦးမယ်။ ဒီပရိသတ်ထဲ ဘယ်သူ သေချင်သလဲ။
(ဘယ်သူမှ မသေချင်ပါ ဘုရား။)
သေချင်သလား၊ ရှင်ချင်သလား။
(ရှင်ချင်ပါတယ် ဘုရား။)
ရှင်ချင်တယ်ဆိုတာ ရုပ်နဲ့နာမ် နှစ်ခုတွဲပြီးတော့ အဆက်မပြတ် ဖြစ်ပျက် ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်နေတာ ပြောတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
အဲဒီတော့ ရှင်ချင်တယ်ဆိုတာ ရုပ်နာမ်နှစ်ခု ဆက်ပြီးတော့ ဖြစ်ပျက်နေတာကို ဆိုလိုတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
အဲဒီတော့ ဒီဘဝမှာ သေသွားတာကို ဘယ်သူ လိုချင်မလဲ။
(ဘယ်သူမှ မလိုချင်ပါ ဘုရား။)
ဒီတော့ အချို့က ပြောကောင်း ပြောမယ်။
“အမယ်လေး ... ဆရာတော်၊ မကြာခင်က ၁၀-တန်း စာမေးပွဲကျကြတုန်းကလေ သေချင်တဲ့လူတွေ အများကြီး ဘုရား။ တပည့်တော်တို့ တားထားရတယ်” လို့။
ဒီတော့ တစုံတခုသော အဆင်မပြေမှုကြောင့် သေချင်တယ်ဆိုတဲ့ အဲဒီလူတွေ တကယ် သေချင်သလားဆိုတော့ အဲဒီဆင်းရဲနဲ့ တွေ့တဲ့ ကြုံတဲ့ အခိုက်မှာတော့ သေချင်ပါလိမ့်မယ်။
ဒါပေမယ့် ‘ဒီလိုဆိုရင် ကြိုးဆွဲချ သေမယ်’ဆိုပြီး ကြိုးကွင်းစွပ်လိုက်တဲ့အခါကျတော
့ ဘယ့်နှယ် ... သူ သေချင်စိတ် ရှိပါဦးမလား။
(မရှိပါ ဘုရား။)
ဆန့်ငင် ဆန့်ငင် ဖြစ်နေတာ သေချင်လို့လား၊ မသေချင်လို့လား။
(မသေချင်လို့ပါ ဘုရား။)
အဲဒီတော့ ရှင်ချင်လို့ မဟုတ်ပေဘူးလား။
(ဟုတ်ပါတယ် ဘုရား။)
အဲဒီ ရှင်ချင်စိတ်ကြောင့် နောက်ဘဝအသစ် ရုပ်အသစ် နာမ်အသစ် ဆိုတဲ့ ရှင်မှု ဖြစ်ရတာ။
စားချင်စိတ်ကြောင့် စားရတယ်။
ဝတ်ချင်စိတ်ကြောင့် ဝတ်ရတယ်၊ ဟုတ်တယ် မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
အသက်ရှင်ချင်စိတ်ကြောင့် ရှင်ရတယ်ဆိုတာ အဲဒါကိုပဲ စကားလုံးထွားထွားနဲ့ ပြောရရင် “ဘဝတဏှာကြောင့် ဘဝတစ်ခု ဖြစ်ရတယ်”လို့ ပြောရတယ်။
ရှင်ချင်စိတ်ကြောင့် ဘဝဖြစ်တယ်။
ဒီတော့ အဲဒီရှင်ချင်စိတ်ဟာ သမုဒယသစ္စာ။ ဟိုဘက်မှာ ဘဝအသစ် ရုပ်အသစ် နာမ်အသစ် ဖြစ်ပြီးတော့ ဆင်းရဲတွေ တွေ့နေတာဟာ ဘာတွေလဲ။
(ဒုက္ခသစ္စာပါ ဘုရား။)
ဒုက္ခသစ္စာ။ အဲဒီတော့ သမုဒယသစ္စာကြောင့် ဒုက္ခဖြစ်တယ်။
ဒီတော့ ဆင်းရဲရဲ့ အကြောင်းတရားဟာ ဘာလဲ။
(သမုဒယသစ္စာ တဏှာလောဘပါ ဘုရား။)
လိုချင်မှု၊ နှစ်သက်မှု၊ ချစ်ခင်မှု၊ တွယ်တာမှု၊ ဒါပဲ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
ဒီတော့ လိုချင် တပ်မက် နှစ်သက် တွယ်တာခြင်းရဲ့ အကြောင်းတရားက ဘာလဲဆိုတော့ ဒါတွေကို ဆင်းရဲလို့ အမှန်အတိုင်း မသိတဲ့ အဝိဇ္ဇာပဲ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
“အဲဒီ ရုပ်တရား နာမ်တရားတွေ ဖြစ်နေတာဟာ ဆင်းရဲပဲ”လို့ အမှန်အတိုင်း မသိတာ။ အဲဒါကို ‘အဝိဇ္ဇာ’လို့လည်း ခေါ်တယ်။ ‘မောဟ’လို့လည်း ခေါ်တယ်။
သူ့ကြောင့်ပဲ လိုချင် တပ်မက် နှစ်သက်တဲ့ တဏှာတွေ ဖြစ်တယ်။
ဒီတဏှာတွေနဲ့ လိုချင်တဲ့အခါကျတော့ အဲဒီ ဘဝအသစ်တွေ ဖြစ်လို့ ဆင်းရဲတယ်။
တစ်ခါ အဲဒီ ဘဝမှာလည်းပဲ ကားလိုချင်လို့ ကားဝယ်ဖို့ ငွေရှာရ၊ ကားရှာရနဲ့ ဆင်းရဲတွေ ဖြစ်ရတယ်။
စာမေးပွဲအောင်ချင်လို့ အမျိုးမျိုး ကြိုးစားရတဲ့ ဆင်းရဲတွေ ဖြစ်တယ်။
“ဒီလိုဆို မအောင်ချင်ရဘူးလား ဘုရား”လို့ မေးရင် ...
(အောင်ချင်ပါတယ် ဘုရား။)
အောင်ချင်ရမှာပေါ့။ လောဘကို ပယ်မှ မပယ်နိုင်သေးတော့ လူ့ဘဝ အဆင်ပြေအောင်တော့ ဒီလောဘ ရှိသလောက် ရှိမှာပဲ။
ဒီတော့ လိုချင် တပ်မက် နှစ်သက်တွယ်တာမှု = တဏှာ = သမုဒယသစ္စာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းပဲ။
သူ့ကြောင့် ဖြစ်ပေါ်တဲ့ ဆင်းရဲမှန်သမျှ ရုပ်ဒုက္ခ နာမ်ဒုက္ခ အပါအဝင် လောကမှာ တွေ့ရတဲ့ ဒုက္ခမှန်သမျှဟာ ဒုက္ခသစ္စာ = ဆင်းရဲအမှန်တွေပဲ။
ဒါဖြင့်ရင် အဲဒီဆင်းရဲတွေ ဘယ်အခါ ငြိမ်းမလဲ။
အဲဒီ လိုချင် တပ်မက်တဲ့ တဏှာ မရှိတဲ့အခါမှာ ဆင်းရဲငြိမ်းမယ်။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)
မသေချာဘူးလား။
(သေချာပါတယ် ဘုရား။)
သေချာတယ်နော်။ တဏှာတစ်ခု မရှိရင် အဲဒီ တဏှာကြောင့် ဖြစ်မယ့် ဆင်းရဲတစ်ခု ငြိမ်းတာပဲ။
ကိုင်း ... မေးမယ်။
ဟောဒီ ပရိသတ်မှာ ကျောင်းရှိသလား။ ကျောင်းဆိုတာ ဘုန်းကြီးကျောင်းပြောတာ။ ကိုယ်ပိုင်ဘုန်းကြီးကျောင်း ရှိသလား။
(မရှိပါ ဘုရား။)
မရှိရင် ငါ့ကျောင်းမှာ မိုးတွေများ စိုနေမလားဟဲ့၊ မိုးကလည်း ရွာတော့မယ်။ အဲဒီ စိုးရိမ်စိတ် ရှိပါ့မလား။
(မရှိပါဘူး ဘုရား။)
ဘာကြောင့် မရှိသလဲ။
(ကျောင်းမရှိလို့ပါ ဘုရား။)
ကျောင်းမရှိတော့ ကျောင်းပေါ်မှာ တွယ်တာ တပ်မက်တဲ့ တဏှာရှိသလား။
(မရှိပါ ဘုရား။)
အဲဒီလို ကျောင်းပေါ်မှာ တွယ်တာ တပ်မက်တဲ့ တဏှာငြိမ်းတော့ ကျောင်းနဲ့ပတ်သက်တဲ့ ဆင်းရဲ မငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)
တဏှာငြိမ်းရင် ဆင်းရဲငြိမ်းတယ်။ ဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
ဒါကြောင့် ဘုန်းကြီးများဆိုရင် ဘယ်သား ဘယ်သမီးအတွက်မှ ဘုန်းကြီး ဆင်းရဲမဖြစ်ဘူး။
(ပရိသတ် ရယ်ကြသည်။)
အမယ် ... မရယ်နဲ့လေ။ ဟုတ်တာ ပြောတာ။
ကဲ အဲဒါ ဘာကြောင့်လဲ။ သားသမီး မရှိတော့ သားသမီးကို တပ်မက်တဲ့ တဏှာရှိသလား။
(မရှိပါ ဘုရား။)
အဲဒီ တဏှာ မငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)
ဒီတဏှာငြိမ်းတော့ ဘုန်းကြီးမှာ သားသမီးနဲ့ ပတ်သက်တဲ့ ဆင်းရဲမငြိမ်းဘူးလား။
(ငြိမ်းပါတယ် ဘုရား။)
အဲဒါ ထင်ရှားတဲ့ သာဓကတွေ မဟုတ်ပေဘူးလား။
(ဟုတ်ပါတယ် ဘုရား။)
ဒီတော့ တရားကျင့်ကြံ ပွားများ အားထုတ်လို့မို့ ရုပ်နဲ့နာမ်ကို သတိဦးစီးတဲ့ စိတ်နဲ့ မပြတ် ရှုလို့ ရုပ်နာမ်ရဲ့ သဘာဝအမှန်ကို သိပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေ သိမြင်တဲ့အခါ ဝိပဿနာဉာဏ်တွေ တဆင့်ထက် တဆင့် တက်သွားပြီး သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကိလေသာ ငြိမ်းတယ်။
သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကြမ်းတမ်းတဲ့ လောဘ ဒေါသ ကိလေသာတွေ ငြိမ်းတယ်။
အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကာမဘုံမှာ တွယ်တာ တပ်မက်တဲ့ လောဘနဲ့ ဒေါသ အားလုံး ငြိမ်းတယ်။
အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ် ရတော့ ကျန်တဲ့ ကိလေသာအားလုံး အကြွင်းမဲ့ ငြိမ်းတယ်။
အဲဒီ ငြိမ်းတဲ့ ကိလေသာထဲမှာ အခုနက ပြောခဲ့တဲ့ မသိမှု အဝိဇ္ဇာရော၊ တပ်မက်မှု တဏှာရော ရှေ့ဆုံးက ပါတယ်။ မပါပေဘူးလား။
(ပါ,ပါတယ် ဘုရား။)
မငြိမ်းနိုင်ဘူးလား။
(ငြိမ်းနိုင်ပါတယ် ဘုရား။)
ငြိမ်းနိုင်တာကို ကျောင်းသူကျောင်းသား ဆရာ ဆရာမတွေမှာ ဘုန်းကြီးကျောင်းကို တပ်မက်တဲ့ တဏှာမရှိလို့ တဏှာငြိမ်းတာ သာဓက ပြခဲ့တယ်။ ဘုန်းကြီးမှာ သားသမီးကို တပ်မက်တဲ့ တဏှာငြိမ်းတာကို သာဓက ပြခဲ့တယ်။ တဏှာဆိုတာ ငြိမ်းနိုင်တယ်။ ငြိမ်းအောင် လုပ်လို့ရှိရင် ငြိမ်းနိုင်တယ်။ ဒါကို ပြောချင်တာပါ။
ဒီမှာလည်းပဲ အရဟတ္တမဂ်ဉာဏ်နဲ့ အရိယသစ္စာကို အမှန်အတိုင်း သိမြင်တဲ့အခါကျတော့ ဘာကိလေသာ ဘာအဝိဇ္ဇာ ဘာတဏှာမှ မရှိတော့ဘူး။ ကိလေသာအားလုံး အမြစ်မကျန် (အနုသယပါ) ငြိမ်းကုန်ကြတယ်။ ဒိဋ္ဌိလည်း မရှိတော့ဘူး။ ကိလေသာတွေ အကုန်လုံး ငြိမ်းသွားကြပြီ။
ဒီတော့ ဆင်းရဲရဲ့ အကြောင်းဖြစ်တဲ့ တွယ်တာ တပ်မက်မှု တဏှာငြိမ်းတဲ့ အခါကျတော့ ဒီ ရဟန္တာပုဂ္ဂိုလ်မှာ ဘာဆင်းရဲ ရှိဦးမလဲ။
(ဘာဆင်းရဲမှ မရှိပါ ဘုရား။)
မရှိတော့ဘူး။ သို့သော် အဲဒီ ရဟန္တာပုဂ္ဂိုလ်မှာ ရုပ်ခန္ဓာ နာမ်ခန္ဓာတော့ ကျန်မနေဘူးလား။
(ကျန်နေပါတယ် ဘုရား။)
ကျန်နေတော့ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်မှု သင်္ခါရဒုက္ခဆိုတာတော့ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)
ဒါကြောင့် အဲဒီ ရဟန္တာရတဲ့ အာရုံပြုတဲ့ ဆင်းရဲငြိမ်းမှုသဘော = နိဗ္ဗာန်ကို ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်ရှိတဲ့ နိဗ္ဗာန် = သဥပါဒိသေသနိဗ္ဗာန် လို့ ခေါ်တယ်။ အဲဒါဟာ ဒီဘဝတင်ပဲ ရနိုင်တဲ့ နိဗ္ဗာန်ပဲ။
ဒီတော့ လုပ်ရင် မရဘူးလား။
(ရပါတယ် ဘုရား။)
ရတယ်။ ဒါပေမယ့် သင်္ခါရဒုက္ခဆိုတဲ့ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်မှုပျက်မှု ကျန်နေသေးတယ်။
အဲဒီ ရဟန္တာ ပရိနိဗ္ဗာန် စံပြီးတဲ့အခါကျတော့ ရှင်ချင်တယ်ဆိုတဲ့ တဏှာ မရှိတော့တဲ့အတွက် နောက်ဘဝမှာ အသက်ရှင်မှုဆိုတဲ့ ရုပ်သစ်နာမ်သစ် ပြန်ဖြစ်ဦးမလား။
(မဖြစ်တော့ပါ ဘုရား။)
မဖြစ်တော့ ရုပ်ခန္ဓာ နာမ်ခန္ဓာမှာ ရှိတဲ့ သင်္ခါရဒုက္ခဆိုတဲ့ ဆင်းရဲကော ရှိသေးသလား။
(မရှိပါ ဘုရား။)
မရှိတော့ ဒီဆင်းရဲ အားလုံး ငြိမ်းမသွားဘူးလား။
(ငြိမ်းသွားပါတယ် ဘုရား။)
အဲဒါကို အနုပါဒိသေသနိဗ္ဗာန် လို့ ခေါ်တယ်။ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန် မရှိတော့ဘဲ လုံးဝ ငြိမ်းသွားတဲ့ နိဗ္ဗာန်ပဲ။
ဒီတော့ “ဒီနေရာမှာ ဘာမှ မရှိတာကိုများ နိဗ္ဗာန်ခေါ်ရသလား”လို့ ဆိုတော့ မဟုတ်ဘူး၊ ရှိတယ်။
ဘာရှိတာလည်းဆိုတော့ ဆင်းရဲငြိမ်းတဲ့ သဘာဝကြီး ရှိနေတယ်။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)
ဆင်းရဲငြိမ်းတဲ့ သဘာဝ ရှိမနေဘူးလား။
(ရှိနေပါတယ် ဘုရား။)
ဒါဖြင့် ရှိတာလား၊ မရှိတာလား။
(ရှိတာပါ ဘုရား။)
ဘာရှိတာလဲ။
(ဆင်းရဲငြိမ်းတဲ့ သဘာဝ ရှိတာပါ ဘုရား။)
ဆိုကြပါစို့။ ဒီမှာ မီးတောက်နေတယ်။ မီးပုံကြီး မီးတောက်နေတဲ့အခါကျတော့ “ဟဲ့ ... မီးတွေ တောက်နေတယ်။ ငြိမ်းလိုက်စမ်း”လို့ ခိုင်းတော့၊ ငြိမ်းပစ်လိုက်တယ်။ ဘာရှိသေးသလဲ။
(ဘာမှ မရှိပါ ဘုရား။)
ရှိတယ်။
(ရယ်ကြသည်။)
မီးငြိမ်းတဲ့ သဘာဝ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)
မီးရှိတုန်းက မပူဘူးလား။
(ပူပါတယ် ဘုရား။)
အခု မီးငြိမ်းသွားတဲ့အခါကျတော့ ပူသေးလား။
(မပူတော့ပါ ဘုရား။)
အဲဒီတော့ အပူငြိမ်းတဲ့ သဘာဝ မရှိဘူးလား။
(ရှိပါတယ် ဘုရား။)
အဲဒီအတိုင်းပဲ ရုပ်ဒုက္ခ နာမ်ဒုက္ခ သင်္ခါရဒုက္ခပါ မရှိတဲ့အခါကျတော့ အဲဒီ သင်္ခါရဒုက္ခ သင်္ခါရဆင်းရဲပါ ငြိမ်းနေတဲ့ သဘာဝကြီး ရှိနေတယ်။ အဲဒါကို နိဗ္ဗာန်ခေါ်တယ်။
ရဟန္တာ ပရိနိဗ္ဗာန် စံတဲ့အခါ ရုပ်နာမ်ခန္ဓာ အားလုံး အဖြစ်ရပ်သွားတာနဲ့ နောက်ထပ် ရုပ်နာမ်အသစ် မဖြစ်ပေါ်တော့ဘဲ အဲဒီ ဆင်းရဲငြိမ်းတဲ့ မူလ သဘာဝကြီးကို ဆိုက်ရောက်သွားတာပဲ။ အဲဒါ အနုပါဒိသေသနိဗ္ဗာန်ပဲ။ အဲဒါဟာ နိဗ္ဗာန်ချမ်းသာပါပဲ။ လောကီစည်းစိမ်ချမ်းသာလို ခံစားရတဲ့ ချမ်းသာတော့ မဟုတ်ဘူး။ ဆင်းရဲငြိမ်းနေလို့ ဆင်းရဲမရှိလို့ ချမ်းသာလို့ ခေါ်ရတဲ့ သန္တိသုခ = ငြိမ်းအေးချမ်းသာပဲ။ ခံစားရတဲ့ ချမ်းသာ မဟုတ်ဘူး။
ချမ်းသာ ခံစားရရင် မကြာခင် ဆင်းရဲက ပေါ်လာဦးမှာပဲ။ ပြီးတော့ ခံစားရတဲ့ ချမ်းသာ = ဝေဒယိတသုခဟာ ဖြစ်မှုပျက်မှု ရှိနေတော့ ချမ်းသာစစ် မဟုတ်ဘူး။ သင်္ခါရဒုက္ခပဲ။
ဒါကြောင့် ဆင်းရဲ လုံးဝ ငြိမ်းနေတဲ့ သန္တိသုခ = ငြိမ်းအေးခြင်း ချမ်းသာမှသာ ချမ်းသာစစ် ချမ်းသာမှန်ပဲ။
ဒီတော့ “ဒီလိုဆိုရင် ဘုရား၊ ဘာမှ မရှိတာကြီး လို့ တပည့်တော်တို့ မြင်နေပါတယ်။ မလိုချင်ပါဘူး”လို့များ စိတ်ထဲမှာ ဖြစ်မိရင် ဒီလို စဉ်းစားကြည့်ပါ။
လူတစ်ယောက် ကင်ဆာရောဂါ ဖြစ်နေတယ်။ အော်ဟစ် ညည်းညူနေရတယ်။ ဝေဒနာက သိပ် ပြင်းထန်နေတယ်။ ဆရာဝန်တွေလည်း ကုပါရဲ့။ ဓာတ်လည်း ကင်ပါရဲ့။ ဒါပေမယ့် ရောဂါဝေဒနာက ပြင်းထန်တော့ မသက်သာဘူး။ တအော်အော် တအင်အင်နဲ့ နေရတယ်။ နေ့လည်း အော်၊ ညလည်း အော်နဲ့။ အဲဒါ ဆင်းရဲလား၊ ချမ်းသာလား။
(ဆင်းရဲပါ ဘုရား။)
ဒီဆင်းရဲ ကြိုက်သလား၊ မကြိုက်ဘူးလား။
(မကြိုက်ပါ ဘုရား။)
မကြိုက်တာ သေချာလား။
(သေချာပါတယ် ဘုရား။)
ဒါဖြင့် အဲဒီ ဆင်းရဲငြိမ်းအောင် ဘယ်လို လုပ်မလဲ။ အခက်သားပဲ နော်။ ဘုန်းကြီး Newsweek မဂ္ဂဇင်းထဲမှာ တွေ့တယ်။ အနောက်နိုင်ငံများမှာတော့ ကင်ဆာရောဂါ ပျောက်တဲ့ နှုန်းဟာ အားရစရာ ကောင်းလောက်အောင် တိုးတက်လာပါပြီတဲ့။ အဲဒါ သုတေသနတွေရဲ့ ဆေးကောင်းဝါးကောင်းတွေကြောင့် တိုးတက်လာပါပြီတဲ့။ ဒါကြောင့် အခု ကင်ဆာရောဂါဟာ စောစောသိရင် ပျောက်နိုင်ပြီတဲ့။
ဒါပေမယ့် အခု ဒီလူမမာကတော့ ဝေဒနာ အင်မတန် ပြင်းထန်နေလို့မို့ အလွန့်ကို နာနေ ကိုက်နေတယ်။ ကိုင်း ညလည်း မအိပ်ရ၊ နေ့လည်း မအိပ်ရနဲ့ အအိပ်ကလည်း ပျက်။ နာတာ ကျင်တာကလည်း ပြင်းထန်နဲ့။ ဆင်းရဲလိုက်တာ လွန်ရော။ ငါ့နှယ် သေတာ ကောင်းပါရဲ့လို့ ခဏခဏ သေပစ်လိုက်ချင်စိတ် ပေါ်နေတယ်။
အဲဒီလို မစဉ်းစားမိပေဘူးလား။
(စဉ်းစားမိပါတယ် ဘုရား။)
စဉ်းစားမိတယ်။ ဒါပေမယ့် တကယ် သေပါဆိုရင် သူ သေဝံ့ပါ့မလား။
(မသေဝံ့ပါ ဘုရား။)
မသေဝံ့လို့ ဆေးတွေ ကုနေတာပေါ့။ မဟုတ်ဘူးလား။
(ဟုတ်ပါတယ် ဘုရား။)
ဒီတော့ ဆရာဝန်က ကဲလေ ဒီလောက်တောင်မှ ခံစားနေရတာ ဒီနေ့ညတော့ ချမ်းသာရစေမယ်ပေါ့ ဆိုပြီးတော့ ကုပေးလိုက်တယ်။ ဘယ်လို ကုပေးသလဲဆိုရင် အားကောင်းတဲ့ အိပ်ဆေး ထိုးပေးလိုက်တယ်။ အိပ်ဆေးထိုးပြီးလို့ နာရီဝက်လောက် ကြာတော့ အိပ်ပျော်သွားရော။
ည ၁၀ နာရီလောက်ကနေ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက်တာ နံနက် ၈ နာရီလောက်ကျမှ နိုးတယ်။ အဲဒီ အိပ်ပျော်နေတုန်းမှာ သူ ဆင်းရဲကို သိသလား။
(မသိပါ ဘုရား။)
မသိဘူး နော်။ အဲဒီ အိပ်ပျော်နေတဲ့ အချိန်မှာ သူ ခံစားနေရတဲ့ ဆင်းရဲ ငြိမ်းမနေပေဘူးလား။
(ငြိမ်းနေပါတယ် ဘုရား။)
ငြိမ်းနေတယ် နော်။ ဒါပေမယ့် ဘာတော့ ခံစားနေရသလဲ။
(ဘာမှ မခံစားရပါ ဘုရား။)
ဘာမှ မခံစားရဘူးလား။
(မခံစားရပါ ဘုရား။)
ကောင်းတာဆိုလို့ ဘာမှတော့ မခံစားရဘူး။ သို့သော် ဆင်းရဲကတော့ ငြိမ်းနေတယ်။ ဆင်းရဲငြိမ်းတဲ့ သဘာဝထဲတော့ ဆိုက်ရောက်မနေဘူးလား။
(ဆိုက်ရောက်နေပါတယ် ဘုရား။)
နံနက် ၈ နာရီမှာ နိုးလည်း လာရော၊ နိုးလာတာနဲ့ တပြိုင်နက်တည်း အနာက နာလာတာပဲ။ အမေရယ် အဘရယ်နဲ့ အော်နေရတယ်။ ပြန် ဆင်းရဲပြန်တာပဲ။
ကိုင်း စဉ်းစားကြည့်။ အဲဒီ ဆင်းရဲနေတဲ့ လူမမာ တောက်လျှောက်ကြီး သိလျက် ဆင်းရဲနေတာကို သူ ကြိုက်မလား။ ဒါမှ မဟုတ် ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းနေတာကို သူကြိုက်မလား။
(ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းနေတာကို သူကြိုက်ပါတယ် ဘုရား။)
အဲဒီလိုဆိုရင် ခံစားမှု မရှိဘဲ ဆင်းရဲငြိမ်းတဲ့ သဘောဟာ မလိုလားအပ်ဘူးလား။
(လိုလားအပ်ပါတယ် ဘုရား။)
အဲဒါ ဘုန်းကြီး ဥပမာ ပြောတာ။
ခုနက အနုပါဒိသေသနိဗ္ဗာန်ဆိုတာ အဲဒါမျိုးပဲ။ ခံစားမှု မရှိဘဲ ဆင်းရဲခပ်သိမ်း အပြီးသတ် ငြိမ်းနေတဲ့ သဘောပဲ။ ဆင်းရဲငြိမ်းတော့ ချမ်းသာရနေတာပေါ့။ ခံတော့ မခံစားရဘူး။ ဝေဒယိတသုခ = ခံစားရတဲ့ ချမ်းသာ မရှိဘူး။ သန္တိသုခ = ငြိမ်းချမ်းသာပဲ ရှိတယ်။
ဒီတော့ နောက်တစ်ခုက နိဗ္ဗာန်ဆိုတာ ဘယ်မှာ ရှိပါသလဲ။
ကောင်းကင်မှာ ရှိပါသလားတဲ့။
ကိုင်း ... ဘယ်မှာ ရှိတယ်လို့ ပြောရမလဲ။
ဆင်းရဲတာ ဘာရှိလို့ ဆင်းရဲနေသလဲ။
(ရုပ်နဲ့နာမ် ရှိလို့ ဆင်းရဲနေပါတယ် ဘုရား။)
ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့စိတ် ရှိလို့ ဆင်းရဲနေတာ မဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
အဲဒီတော့ ရုပ်နဲ့နာမ် ခန္ဓာကိုယ်နဲ့စိတ် နှစ်ခုရှိတဲ့အနက်က နာမ်ထဲက ဆင်းရဲကို ဖြစ်စေတဲ့ အဝိဇ္ဇာ တဏှာ အစရှိတဲ့ ကိလေသာတွေ ငြိမ်းသွားရင်ပဲ မချမ်းသာဘူးလား။
(ချမ်းသာပါတယ် ဘုရား။)
တဝက်မက ချမ်းသာသွားပြီ။ အများကြီး ချမ်းသာသွားပြီ။ ဆယ်ပုံပုံရင် ကိုးပုံ ချမ်းသာသွားပြီ။ တစ်ပုံပဲ ကျန်တော့တယ်။
ဒီတော့ အဲဒီ ကိလေသာငြိမ်းလို့မို့ ဆင်းရဲငြိမ်းတာဟာ ကောင်းကင်မှာ ရှိတာလား။ မြေကြီးထဲမှာ ရှိတာလား။ ဗြဟ္မာ့ဘုံမှာလား၊ နတ်ဘုံမှာလား။ ကိုင်း ဘယ်မှာ ရှိလဲ။
(ဘယ်မှာမှ မရှိပါ ဘုရား။)
အဲဒီ ကိလေသာငြိမ်းတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မရှိပေဘူးလား။
(ရှိပါတယ် ဘုရား။)
ဒါဖြင့် နိဗ္ဗာန် ဘယ်မှာလဲ။
(ခန္ဓာကိုယ်မှာပါ ဘုရား။)
ဟုတ်ကဲ့လား။
(ဟုတ်ပါတယ် ဘုရား။)
မြတ်စွာဘုရား လက်ထက်တော်အခါက တစ်ချိန်မှာ ရောဟိတဿနတ်သားက မြတ်စွာဘုရားကို ဒီလို လျှောက်ဖူးတယ်။
မြတ်စွာဘုရား၊ တပည့်တော်ဟာ ရှေးဘဝတစ်ခုမှာ အလွန်တန်ခိုးကြီးတဲ့ ရသေ့ဖြစ်ခဲ့ပါတယ်။ ကျွမ်းကျင်တဲ့ လေးသမား ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်း ထန်းပင်ရိပ်တစ်ခုကို ကျော်လွန်တဲ့အချိန်နှင့် တပည့်တော် စကြာဝဠာတစ်ခု ဖြတ်ကျော်တဲ့အချိန် ညီမျှသည်အထိ လျင်မြန်လှတဲ့ အဟုန် ရှိခဲ့ပါတယ်။ အဲဒီလောက် တပည့်တော် အသွား လျင်မြန်ခဲ့ပါတယ်။
အဲဒီလောက် အသွားလျင်မြန်လှတဲ့ တပည့်တော်ဟာ စကြာဝဠာအနန္တရှိတဲ့ လောကကြီးရဲ့ အဆုံးကို ရောက်ချင်တဲ့အတွက် ဆွမ်းခံချိန်၊ စားချိန်၊ သောက်ချိန်၊ အနည်းငယ်မျှဖြစ်တဲ့ အနားယူချိန်၊ တပိုတပါး သွားချိန်မှတပါး အချိန်ပြည့် နှစ်ပေါင်းတစ်ရာလုံးလုံး အဲဒီလောက် လျင်မြန်တဲ့ အဟုန်နဲ့ လောကကြီးရဲ့ အဆုံးကို သွားခဲ့ဖူးပါတယ်။ သို့သော်လည်း လောကကြီးရဲ့ အဆုံးကို မရောက်မီ လမ်းမှာပဲ သေဆုံးခဲ့ရပါတယ်။
အဲဒီလို လျှောက်ထားပါတယ်။
ဒီတော့ မြတ်စွာဘုရားက မအိုမနာ မသေရာဖြစ်တဲ့ လောကရဲ့ အဆုံးကို သွားခြင်းဖြင့် မရောက်နိုင်ကြောင်း မိန့်တော်မူပြီးတော့ ဒီလို မိန့်တော်မူပါတယ်။
“ဣမသိံ္မယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ”
ခု ရွတ်ပြခဲ့တဲ့ ရောဟိတဿသုတ်မှာ မြတ်စွာဘုရား မိန့်ကြားတော်မူတာက စိတ်ရှိတဲ့ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာပဲ လောကကို ငါဘုရား ဟောတော်မူတယ်တဲ့။
(ဒုက္ခသစ္စာကို ဆိုလိုပါတယ်။)
လောကဖြစ်ခြင်းရဲ့ အကြောင်းလည်း ဒီခန္ဓာကိုယ်မှာပဲတဲ့။
(သမုဒယသစ္စာ = တဏှာကို ဆိုလိုပါတယ်။)
ရုပ်နာမ်ဆိုတဲ့ လောကချုပ်ငြိမ်းတာလည်း ဒီခန္ဓာကိုယ်မှာပဲတဲ့။
(ဒါ ဆင်းရဲချုပ်ငြိမ်းခြင်း = နိရောဓသစ္စာကို မိန့်တော်မူတာပါ။)
အဲဒီ လောက ချုပ်ငြိမ်းအောင် ကျင့်တဲ့ အကျင့်လမ်းမှန်လည်း ဒီခန္ဓာကိုယ်မှာပဲ တဲ့။
(မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားကို ဆိုလိုပါတယ်။)
ဒီတော့ ဆင်းရဲငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန် ဘယ်မှာ ရှိသလဲ။
(ခန္ဓာကိုယ်မှာ ရှိပါတယ် ဘုရား။)
အဲဒီတော့ နိဗ္ဗာန် ဘယ်မှာလဲ။
(ခန္ဓာကိုယ်မှာပါ ဘုရား။)
ကောင်းကင်မှာလား။
(မဟုတ်ပါ ဘုရား။)
မြေကြီးထဲမှာလား။
(မဟုတ်ပါ ဘုရား။)
သေချာရဲ့လား။
(သေချာပါတယ် ဘုရား။)
နားလည်ပြီနော်။
သို့သော်လည်း ပြောစရာက နည်းနည်း ကျန်နေပါသေးတယ်။
အခု ပြောခဲ့တဲ့ ရောဟိတဿသုတ်မှာ လောကဆိုတာ ရုပ်နဲ့နာမ်ပါပဲ။ အဲဒီ ရုပ်နဲ့နာမ်ဟာ ဒုက္ခသစ္စာတရားပါပဲ။ ဒီတော့ လောကဆိုတာ ဒုက္ခကိုပဲ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူတာ ဖြစ်ပါတယ်။ ဒီတော့ ဒီဒေသနာတော်အရ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဆိုတဲ့ သစ္စာလေးပါးဟာ ခန္ဓာကိုယ်မှာ ရှိတယ်လို့ နားလည်ရပါတယ်။
ဒုက္ခသစ္စာကတော့ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်မှာ ရှိပါတယ်။
သမုဒယသစ္စာကတော့ ဘုရား ရဟန္တာတို့ရဲ့ ခန္ဓာကိုယ်မှာ မရှိပါဘူး။ တခြား သတ္တဝါများရဲ့ ခန္ဓာကိုယ်မှာသာ ရှိပါတယ်။
မဂ္ဂသစ္စာကတော့ ဝိပဿနာရှုဆဲ ပုဂ္ဂိုလ်များရဲ့ ခန္ဓာမှာ ပုဗ္ဗဘာဂမဂ် ရှိပြီး အရိယာပုဂ္ဂိုလ်တို့ရဲ့ မဂ်ဖိုလ်အခိုက်မှာ အရိယမဂ် ရှိပါတယ်။
မြတ်စွာဘုရားကတော့ ယထာလာဘ = ရသင့်သလို ယူဖို့ရာ ပေါင်းပြီး ဟောတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
နိရောဓသစ္စာ = ဆင်းရဲငြိမ်းခြင်း အမှန်တရား = နိဗ္ဗာန်။ ဒီသစ္စာလည်း တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ ရှိတယ်လို့ ဟောတော်မူတော့ နိဗ္ဗာန်ရဲ့ တည်ရာဟာ ခန္ဓာကိုယ်ပဲလို့ ဆိုရာ ရောက်နေပါတယ်။
ဒါကြောင့် နိဗ္ဗာန်ဟာ တည်ရာ မရှိတဲ့တရား မဟုတ်၊ တည်ရာရှိတဲ့ တရားလို့ ယူဆစရာ ဖြစ်ပါတယ်။
တကယ်တော့ ဒီဒေသနာတော်ဟာ မုချဒေသနာတော် မဟုတ်ပါဘူး။
တင်စားပြီး ဟောတော်မူတဲ့ ဥပစာဒေသနာတော်သာ ဖြစ်ပါတယ်။
လောင်နေတဲ့ မီး ငြိမ်းသွားတဲ့အခါ “မီးဘယ်မှာ ငြိမ်းသလဲ”လို့ မေးရင် “ဟိုမျာ ငြိမ်းတယ်”လို့ မီးလောင်ပြီးရာ နေရာကို လက်ညှိုးထိုးပြ ရသော်လည်း တကယ်တော့ မီးငြိမ်းသွားမှုကို မြင်ရ တွေ့ရတာ မဟုတ်ပါဘူး။
မီးငြိမ်းသွားမှု၊ မီးမရှိဘဲ ဖြစ်နေမှုကို မမြင်ရ မတွေ့ရလို့ ဘယ်နေရာမှာ ငြိမ်းတယ်လို့ လက်ညှိုးထိုး ပြောလို့ မရပါဘူး။
မီးငြိမ်းတယ်ဆိုတာ မကြာမီကလေးက ရှိနေတဲ့ မီး၊ အခု မရှိဘဲ ဖြစ်သွားတာကိုပဲ ငြိမ်းတယ်လို့ ပြောကြရတာဖြစ်တော့ မီးငြိမ်းတာကို ပြောချင်ရင် မကြာမီက မီးရှိခဲ့တဲ့ နေရာကိုပဲ မီးငြိမ်းတဲ့ နေရာလို့ တင်စား ပြောကြရပါတယ်။
အဲဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ရှိနေသမျှတော့ ဆင်းရဲ မငြိမ်းနိုင်ဘူး။
ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်းပြီး နောက်ထပ် မဖြစ်ပေါ်တော့မှဘဲ ဆင်းရဲ လုံးဝ ငြိမ်းသွားတယ်။
ဆင်းရဲငြိမ်းမှုဟာ ဆင်းရဲအမှန်ဖြစ်တဲ့ ရုပ်နာမ်ခန္ဓာနဲ့ ဆက်စပ်နေတယ်။
ဒါကြောင့် ဆင်းရဲငြိမ်းခြင်းဆိုတဲ့ နိဗ္ဗာန်ကို ဆင်းရဲမငြိမ်းမီက ရှိနေတဲ့ ရုပ်နာမ်ခန္ဓာမှာ ရှိတယ်လို့ တင်စားပြီး မြတ်စွာဘုရား ဟောတော်မူတာ ဖြစ်ပါတယ်။
နောက်ပြီးတော့ နိဗ္ဗာန်နှင့် ပတ်သက်လို့ “ရွှေပြည်နိဗ္ဗာန် ဝင်စံတော်မူသည်”လို့ သုံးနှုန်းတဲ့ အရာမှာလည်း တင်စားမှုပါပဲ။
နိဗ္ဗာန်ဟာ တည်နေရာ တိုင်းကြီး ပြည်ကြီး မဟုတ်ပါဘူး။ ရွှေပြည်တော်ကြီးဟာ ရောက်ချင် နေချင်စရာ သာယာစည်ကားသလို နိဗ္ဗာန = အငြိမ်းဓာတ်ကြီးဟာလည်း ဆင်းရဲ လုံးဝ မရှိလို့ ရချင် ရောက်ချင်စရာ မျက်မှောက်ပြုချင်စရာ ကောင်းလှကြောင်း အတူပြုပြီး တင်စား သုံးနှုန်းတာပါပဲ။ သဒိသူပစာ လို့ ခေါ်ပါတယ်။
သို့သော် ဒီနေရာမှာ တစ်ခုတော့ သတိပြုရလိမ့်မယ်။
မဟာယာနဗုဒ္ဓဘာသာရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ သုခဝတီဗျူဟာဂိုဏ်းကတော့ အနောက်ဘက် ကောင်းကင်မှာ အလွန်သာယာလှတဲ့ နိဗ္ဗာန်ရွှေပြည်ကြီး ရှိတယ်လို့ ယူဆပါတယ်။
သုခဝတီနိဗ္ဗာန်လို့ ခေါ်ပါတယ်။
အဲဒီ နိဗ္ဗာန်မှာ ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့ ရှေးရှေး ရှင်တော်မြတ်ဘုရားများ ချမ်းသာစွာ စံတော်မူလျက်ရှိကြောင်း ယူဆပါတယ်။
အဲဒါ ဘုန်းကြီးတို့ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်ပါဘူး။
နောက်တစ်ခုက လွန်ခဲ့တဲ့ ၂၅-နှစ်လောက်က အငြိမ်းစား တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ယောက်က ဘုန်းကြီးကို မေးဖူးတာ ရှိပါတယ်။
သူက ရှေးဆရာတော်ကြီးများ ပြုစုတော်မူကြတဲ့ ကျမ်းဂန်တွေမှာ သင်္ခတဓာတ်မှ အသင်္ခတဓာတ်သို့ ရောက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖတ်ရ မှတ်ရပါတယ်။
နိဗ္ဗာန်ဟာ အသင်္ခတဓာတ်ဆိုတော့ ပထဝီစတဲ့ ဓာတ်ကြီးများလို ရုပ်ဓာတ်ပါလား။ ဒါမှမဟုတ် ဝိညာဏဓာတ်လို နာမ်ဓာတ်ပါလားလို့ မေးပါတယ်။
မေးလည်း မေးစရာပါပဲ။
နိဗ္ဗာန်ဟာ ရုပ်ဓာတ်လည်း မဟုတ်။ စိတ် စေတသိက်လို နာမ်ဓာတ်လည်း မဟုတ်ပါဘူး။
(ဤနေရာ၌ ‘နာမ်ဓာတ်လည်း မဟုတ်ဘူး’ဆိုသည်မှာ ‘စိတ်, စေတသိက်တို့ကဲ့သို့ အာရုံသို့ ညွတ်တတ်သော နာမ်မဟုတ်’ဟု ဆိုလိုပါသည်။ ‘မိမိသို့ အာရမ္မဏိကတရားတို့ကို ညွတ်စေတတ်သောကြောင့် နာမ်မည်၏’ဟူသော ဝစနတ္ထအရမူ နိဗ္ဗာန်ကို နာမ်တရား၌ သွင်းယူရပါသည်။)
ဓာတု = ဓာတ် ဆိုတာ သဘာဝတရားကို ဆိုလိုပါတယ်။
ဒါကြောင့် အသင်္ခတဓာတ်ဆိုတာ အသင်္ခတ သဘာဝ = အကြောင်းကြောင့် ဖြစ်တာ မဟုတ်ဘဲ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝတရားလို့ ဆိုလိုတာပါပဲ။
ကဲ ... ဒါလောက်ဆိုရင် နိဗ္ဗာန်မေးခွန်းရဲ့ အဖြေ တော်သင့်လောက်ပါပြီ။
“ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “တက္ကသိုလ်ဓမ္မသဘင်” မှ
မရှင်းရင် မရတော့လို့ ရှင်းပြလိုက်ပါတယ် (၂)
မရှင်းရင် မရတော့လို့ ရှင်းပြလိုက်ပါတယ် (၂)
[By ဗုဒ္ဓဘာသာ / အတွေးအမြင် ]
“ဒီမေးခွန်းကိုလေ ဦးဇင်းရဲ့ ကျောင်းမှာဆိုရင် ခွက်ထိုးခွက်လန် ရယ်မိဖို့များတယ်။ ကော်ဖီဆိုင်ထဲမှာမို့ မရယ်တော့ပါဘူး။ ဒကာပြောချင်တာက ဒါမဟုတ်ပါဘူး။ ဟုတ်တယ်မို့လား။ ပြောချင်တာက ဂေးဖြစ်ရတာဟာ ကာမေသုမိစ္ဆာကံကို ကျူးလွန်ခဲ့လို့ ဂေးဖြစ်တာ မဟုတ်ဘူး။ ဟော်မုန်းဖောက်ပြန်လို့ ဂေးဖြစ်တာ။ မိဘတွေက သန္ဓေတားဆေးတွေ သုံးစွဲလို့မို့ မွေးလာတဲ့ ကလေးက ဂေးဖြစ်တာလို့ ဒကာပြောချင်တာမို့လား”
“အဲဒါကို ဦးဇင်းဘယ်လို တုန့်ပြန်ဖြေရှင်းမလဲ။ ဦးဇင်းရဲ့ တုန့်ပြန်ဖြေရှင်းမှုကို တပည့်တော် စိတ်ဝင်တစား နားထောင်ချင်ပါတယ်”
“ဒါဆိုရင် ဒကာ့ကို ဦးဇင်းက ပြန်မေးချင်ပါတယ်။ အခြားသူတွေကျတော့ ဟော်မုန်းမဖောက်ပြန်ပဲ ဘာဖြစ်လို့ သူတို့ကျမှ ကွက်ကြားမိုးရွာသလို ဟော်မုန်းက ကွက်ပြီး ဖောက်ပြန်သွားရတာလဲ။ အဲဒီလို သူတို့ကိုကျမှ ကွက်ပြီးတော့ ဟော်မုန်းဖောက်ပြန်ရတဲ့ အကြောင်းအရင်းကလေးကို ဦးဇင်းသိချင်တယ်ဒကာ။ ဒကာဖြေပေမယ့် အဖြေကို ဦးဇင်းလဲ စိတ်ဝင်တစား နားထောင်နေပါတယ်”
“..........”
“ဒကာ မဖြေနိုင်တော့ဘူးမို့လား။ ထားပါတော့ ဦးဇင်းမေးမယ့် နောက်မေးခွန်းတစ်ခုကိုတော့ ဒကာ့ဖြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မိဘတွေက တားဆေးတွေသုံးစွဲလို့ မွေးလာတဲ့ သားသမီးက ဟော်မုန်းဖောက်ပြန်ပြီး ဂေးဖြစ်၇တာလို့ ဒကာယူဆထားတယ်နော်။ ဦးဇင်းတို့ရွာမှာ ကကြီး ခခွေးတောင်မဖတ်တတ်တဲ့ ဒကာမကြီးတစ်ယောက်ရှိတယ်။ သူအသက် ၆၀ကျော်နေပြီ။ သားသမီးကိုးယောက်တိတိ မွေးထားတယ်။ သူ့ဘ၀မှာ တားဆေးဆိုတာ ကြားတောင် ကြားဘူးရဲ့လားမသိဘူး။ သူမွေးထားတဲ့ ကိုးယောက်ထဲမှာ တစ်ယောက်က ခြောက်နေတယ်။ ဒါက တစ်ခု။ နောက်တစ်ခုက ဘုရားလက်ထက်က တားဆေးမရှိသေးပါဘူး။ ဒါပေမယ့် ဘုရားလက်ထက်မှာ ဘယ်လိုက ဘယ်လို အခြောက်တွေ ရှိနေရတာလဲ။ နောက်ပြီးတော့ အခုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို (အထူးသဖြင့် မြို့ပေါ်တွေမှာ) တားဆေးတွေ သုံးနေကြတာပဲ။ ဘာဖြစ်လို့ သူတို့တွေကကျတော့ ဟော်မုန်းဖောက်ပြန်ပြီ အခြောက်မဖြစ်ရတာလဲ။ အဲဒါလေးကို ဒကာဖြေရှင်းပေးပါ”
“ဦးဇင်း တပည့်တော်ကို ကတ်ပြောနေတာပဲ”
“ဦးဇင်းမကတ်ရင် ဒကာကတ်တော့မယ်မို့လား။ ဟော်မုန်းမဖောက်ပြန်ပဲ ဂေးဖြစ်နေတဲ့ ကောင်တွေအများကြီးပဲဒကာ။ ဒါကို ဦးဇင်းထက် ဒကာပိုသိမှာပါ။ ပတ်ဝန်းကျင်ကြောင့်လဲ ဖြစ်ရတာပဲ။ အဲဒီပတ်ဝန်းကျင်ထဲမှာ နေနေတဲ့သူတွေ အများကြီးပဲ ဘာဖြစ်လို့ သူကျမှ ကွက်ပြီး ဂေးဖြစ်သွားရတာလဲ။ နောက်တစ်ခုက တချို့ကျတော့ စိတ်သာယာမှုကို သိပ်ဦးစားပေးတယ်။ မိန်းမအစစ်တွေနဲ့ တွဲရင် သူကပဲ မိန်းမကို ဦးစားပေးရမယ် ချော့ရမယ်။ အခြောက်တွေနဲ့တွဲတော့ သူက ဦးစားပေးခံရမယ် ချော့ခံရတယ် သူမကျေနပ်ရင် ဆွဲပြီး လက်သီးနဲ့ထိုးလိုက်ဦး သူက ချော့စရာမလိုဘူး။ ဟိုကပဲ ပြန်လာချော့တယ်။ အဲဒီလို သူ့စိတ်ကြိုက်လုပ်လို့မရတဲ့ အခြောက်ဆိုရင် သူဖြတ်ချထားခဲ့မယ်။ လိင်ဆက်ဆံဖို့အတွက် နေရာသိပ်ပြီး ရွေးချယ်နေစရာမလိုဘူး။ ကိုယ့်အိမ်ကိုတောင် ခေါ်သွားလို့ရတယ်။ မိဘတွေဆိုတာလဲ သူငယ်ချင်းတွေပဲ ထင်နေမှာပေါ့။ မတော်တဆ ကိုယ်ဝန်ရသွားမှာ မကြောက်ရဘူး။”
“ဦးဇင်းတို့ဘာသာက အတိတ်ကံတစ်ခုထဲကိုပဲ အားကိုးအားထားပြုနေတဲ့ အယူကို ယူထားတဲ့ ဘာသာမဟုတ်ဘူးဒကာ။ အတိတ်ကံ ပစ္စပ္ပန်ကံနှစ်ခုကို မျှပြီးတော့ ယူထားတဲ့ဘာသာပါ။ အတိတ်တုန်းကတော့ ကြီးပွားချမ်းသာစေတဲ့ ကံတွေကို ပြုလုပ်ခဲ့တယ်။ ကြီးပွားချမ်းသာစေတဲ့ အတိတ်ကံအထောက်အပံအတွေ သူ့မှာ အများကြီးရှိနေတယ်။ ဒါပေမယ့် ပစ္စပ္ပန်မှာတော့ ကြီးပွားချမ်းသာစေတဲ့ အလုပ်ကို မလုပ်ဘူးဆိုရင် သူဟာ ချမ်းသာနိုင်သလောက် ချမ်းသာမဟုတ်ဘူးဒကာ။ မြင်းနှစ်ကောင်ဆွဲတဲ့ လှည်းကို မြင်းတစ်ကောင်ထဲနဲ့ ဆွဲမယ်ဆိုရင် လိုရာတော့ ရောက်ချင်ရောက်ပါလိမ့်မယ်။ မြင်းနှစ်ကောင်ဆွဲတာလောက်တော့ အဆင်ပြေမှာ မဟုတ်ဘူးဒကာ။ ဦးဇင်း ပြောချင်တာက ဂေးဖြစ်တိုင်းလဲ အတိတ်က ပြုခဲ့တဲ့ ကာမေသုကြီးချည်းပဲလို့တော့ ပုံချလို့မရပါဘူး။ ကာမေသုကြောင့် မဟုတ်ပဲ ဂေးဖြစ်နေတဲ့ သူတွေလဲ ရှိမှာပါ။ ဒကာပြောသလို တားဆေးကြောင့်ဖြစ်ရတယ်ဆိုတဲ့ ဂေးတွေပေါ့။ သို့သော် အဲဒါက အနည်းစုပဲ ဖြစ်ပါလိမ့်မယ်”
“လူတိုင်းကတော့ တစ်ကြိမ်တစ်ခါတော့ ကာမေသုကို ကျူးလွန်ခဲ့ကြမှာချည်းပဲလေ။ ကာမေသုကြောင့် ဂေးဖြစ်မယ်ဆိုရင် တစ်ကမ္ဘာလုံး ဂေးတွေချည်းပဲနေမှာ။ ကာမေသုကြောင့် ဂေးဖြစ်ရတယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ တွေးကြည့်လေ အဓိပ္ပါယ်မရှိလေပါ။”
“ဟုတ်တယ် လူတိုင်းက တစ်ကြိမ်တစ်ခါတော့ ကာမေသုကို ကျူးလွန်ခဲ့ဘူးကြတဲ့ လူတွေများပါ။ ကျောက်တုံးက သဘာဝအရ သေးသေး ကြီးကြီး ရေထဲချရင် မြှုပ်သွားမှာပဲ။ အဲဒါက သူ့သဘာဝပဲလေ။ သို့သော် အဲဒီကျောက်တုံးအောက်ကနေ လှေခံပေးလိုက်ပါလား။ အဲဒီ ကျောက်တုံးက ရေထဲမှာ မြှုပ်သွားပါ့ဦးမလားဒကာ။ ဒကာလဲ သင်္ဘောသားပဲ။ သင်္ဘောပေါ်တင်လာတဲ့ ကွန်တိန်နာကြီးတွေ ရေထဲချကြည့်ပါလား။ မြှုပ်သွားမှာပဲ။ ဒါပေမယ့် သူ့အောက်က သူ့ထက်ပိုကြီးမားတဲ့ သင်္ဘောကြီးခံပေးထားတော့ မြှုပ်မသွားဘူးလေ။ မီးကလဲ ကြီးကြီးသေးသေး ပူတာပါပဲ။ အကုသိုလ်ကလဲ ကြီးကြီးသေးသေး သဘာဝအရ မကောင်းကျိုးကို ပေးတာပါပဲ။ ဒါပေမယ့် အကုသိုလ်ထက် ပိုကြီးမားတဲ့ ကုသိုလ်တွေ ခံပေးလိုက်မယ် အကုသိုလ်အပူကို ကုသိုလ်အအေးနဲ့ လောင်းချလိုက်မယ်ဆိုရင် အကုသိုလ်က မကောင်းကျိုး ပေးနိုင်တော့မှာ မဟုတ်ဘူးလေ။ သူတို့တွေ ကာမေသုကို တစ်ကြိမ်တစ်ခါတော့ ကျူးလွန်မိကြပါလိမ့်မယ်။ အဲဒီတစ်ကြိမ်တစ်ခါ ကျူးလွန်တဲ့ အကုသိုလ်ကလဲ မကောင်းကျိုးပေးတတ်တာပါပဲ။ ဘာဖြစ်လို့ အခု သူတို့တွေ မခံစားရလဲဆိုတော့ သူတို့လုပ်တဲ့ အကုသိုလ်ထက် ကုသိုလ်တွေက ပိုများနေလို့ပဲ။ ဒီအကြောင်းကို အရင်ကလဲ ဦးဇင်းပို့စ်တွေ တင်ဘူးပါတယ်။ ဦးဇင်းစာမျက်နှာမှာ ရှာဖတ်ကြည့်လိုက်ပေါ့”
“ဟူး..မောလိုက်တာ ရေသန့်တစ်ဘူး လာချပေးပါ။ ချာတိတ် ဒီဝိုင်းကရေသန့်တစ်ဘူး လာချပေးပါ။ ကဲ..ဒကာ ဘာများ ထပ်ပြောချင်သေးလဲ”
“ဘုရားရှင်က မဟာကရုဏာတော်ရှင်လို့ ပြောကြတယ်နော်။ ဒါဆိုရင် ဘာလို့ ဂေးတွေအပေါ်ကို ကရုဏာမထားရတာလဲ။ မဟာကရုဏာရှင်ဆိုရင် ဂေးတွေအပေါ်ကို ကရုဏာထားရမှာပေါ့။”
“နေစမ်းပါဦး ဘာဖြစ်လို့ ဒကာက ဘုရားရှင်က ဂေးတွေအပေါ်ကို ကရုဏာမထားဘူးလို့ စွပ်စွဲရတာလဲ။ ပြောပါဦး အကြောင်းအရင်းလေးကို”
အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က
အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က
ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။
ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ် ၊ ယောက်ျားလေးကပဲဖြစ်ဖြစ် မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆိုထားပါတယ်။
ကွာသုံးကွာ
(၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင်
(၂) အယူဘာသာကွာလျှင်
(၃) စိတ်ဓာတ်ချင်း ကွာလျှင်တို့ပဲဖြစ်ပါတယ်။
တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကိုယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ ၂ယောက်အတူနေဖို့ မစဉ်းစားသင့်ပါ။
ပါသုံးပါ
(၁) အနာရောဂါပါလာလျှင်
(၂) အကြွေးပါလာလျှင်
(၃) အပိုစားမည့်(လူပိုတွေ)ပါလာလျှင် တို့ပဲဖြစ်ပါတယ်။
အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး မဟုတ်ပဲနာတာရှည်မျိုးကိုဆိုလိုပါတယ်။
အကြွေးပါလာလျှင် ဆိုတာကတော့ လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် အိမ်ထောင်သည်ဘ၀ အညွှန့်လူဖို့ အတော်ခဲယဉ်းသွားပါပြီ။
အပိုစားမည့်သူပါလာလျှင် ကျွေးနိုင်သည်ပဲထားဦး စကားပိုလာသည့်အတွက် ရှင်းရတဲ့ပြဿနာနဲ့ ကြုံတွေ့ နိုင် ပါတယ်။
ချာသုံးချာ
(၁) ပညာရေးချာလျှင်
(၂) စီးပွားရေးချာလျှင်
(၃) လူမှုရေးချာလျှင် တို့ပဲဖြစ်ပါတယ်။
ပညာဆိုရာမှာ..အတန်းပညာက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုမြင့်မားစေတာမို့ ပညာတတ် တယောက်ဖြစ်ဖို့လိုပါတယ်။ ပညာဆိုရာတွင် အဆင့်ဆင့်မခွဲပဲ အသက်မွေးဝမ်းကြောင်း ပညာသည်လည်း အကျုံးဝင်ပါတယ်။ အဓိကမှာ အသိဥာဏ် ဆင်ခြင်တုံတရား မြင့်မားမှုမျိုးကို ဆိုလိုပါတယ်။
စီးပွားရေးဟာလည်းပညာရေးနှင့် ဆက်စပ်နေပါတယ်။တစ်ခုမြင့်မားလာလျှင် ကျန်တစ်ခုက အချိုးတူ မြင့်လာပါတယ်။ ပညာမတတ်ပဲချမ်းသာနေသူတွေကိုတွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင်ရှိစေဦးတော့ ပွဲလယ်မတင့်ပါဘူး။
လူမှုရေးချာလျှင်.....ပညာနှင့် အသက်မွေးဝမ်းကျောင်းမပြုပဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင် စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ ငွေပါတာက လွဲပြီး အသိဥာဏ် နည်းတတ်ပါတယ်။ ဆင်ခြင်တုံတရား ခေါင်းပါးတတ်ပါတယ်။
အဲဒီ သုံးမျိုး သုံးပါး ပါနေတာကို သိပါလျှက်နှင့် မိမိစိတ်အလိုလိုက်လို့ဖြစ်စေ၊
မလွဲမရှောင်သာလို့ဖြစ်စေ၊ တဇွတ်ထိုးလုပ်လိုစိတ်ကြောင့်ပဲဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့လက်တွဲလိုက်ပြီးရင်တော့ ဘ၀မှာ အမှားနှင့်တစ်သက်လုံးရင်ဆိုင်ရပါလိမ့်မယ်။
အိမ်ထောင်သည်ဘ၀ရောက်ပြီးမှ အမှားကို ပြန်ပြင်ချင်ပါရစေလို့ ဆိုရင် နောက်ကျသွားမှာဖြစ်ပါတယ်။ အိမ်ထောင်သည်ဘ၀ဟာ တစ်ခါရေးပြီးတိုင်း တစ်ခါ ပြန်ဖျက်ပြီး အသစ်ပြန်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ပါဘူးလို့ ရေးသားထားတာကိုပြန် အမှတ်ရရင်း မှတ်မိသလောက်ပြောပြခြင်းပါ။
ငယ်စဉ်က အသိလေးကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ
ခံစားတာတွေလို့ အဓိကထင်တာပါ၊
အခု အသက်လေးရလာတော့ လူမှုဘ၀ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ဘ၀ တက္ကသိုလ်ကြီးက ပညာတွေ ပို့ချလာတော့ မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ မပူချင်လို့ ယောက်မရှာတာမျိုးပါ၊ ဒီအပြင် မိန်းကလေးတွေ လက်ထပ်ခြင်းကို စဉ်းစားရာမှာ အောင်ဘာလေထီထိုးတဲ့ သူတွေလိုပါပဲ။ ကျပ်သိန်း ၁၀၀၀ဆုကြီးကို မျှော်ပြီး၊ စိတ်ကူးပြီး ဂဏာန်းတွေရွေးတာပဲ၊
ပေါက်မယ်ထင်ရတဲ့ ဂဏန်းတွေပေါ့နော်။ အဲ...ထိုးပြီးရင်လည်း စိတ်ကူးယဉ်ရတာပဲ။
ဘယ်လိုသုံးစွဲမယ်၊ လှူမယ်စသည်ဖြင့်ပေါ့။
ထီဖွင့်တဲ့အခါ မှာလည်း သိန်း ၁၀၀၀ ဆုမှန်းပြီး ပထမကြည့်တယ်။
နောက်သိန်း ၁၀၀ နောက် ၅၀ စသည်ဖြင့် အစဉ်လိုက် တိုက်လာလိုက်တာ နောက်ဆုံး တွတ်ရရင် တောင်မဆိုးပါ ဘူးပေါ့။
တွက်ကိန်းတွေနဲ့ ... တိုက်လာလိုက်တာ...ထီစာရင်း လည်းကုန်သွားရော...ဘာမှ မပါတော့ သွားပြန်တော့
ဒီတစ်ခါဆိုသလို...ဘယ်ဆုနဲ့တွေ့မယ် ဗလာမဲ နဲ့တိုးမယ်...မပြောနိုင်ပါဘူး။
ဒီလိုပဲ မိန်းကလေးတွေ အိမ်ထောင်ပြုတဲ့အခါလည်း ထီဆုကြီးမှန်းသလို အားလုံးတော့ အကောင်းမြင်ဝါဒနဲ့ ဒါလေးကတော့ ဒီလိုဆို အဆင်ပြေသွားမှာပါ။
စိတ်ကူးကြီင်္းတွေ နဲ့ပေါ့။ ဗလာမဲနဲ့ လည်းတိုးနိုင်ပါတယ်။
ဒါအပြင် အိမ်ထောင်ရေးကံ ကောင်းမကောင်းဆိုတာကလည်း ကုသိုလ် နှင့်လည်း
ဆိုင်မယ်ထင်ပါတယ်။ ရှေးရှေးက ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေပါ။
မိမိတို့ အတိတ်ဘ၀များက ပြုခဲ့သည်ကံများလည်းရှိရာ ထိုကံများသည် မိမိပြုခဲ့သော အမှုအတိုင်း အကျိုးပေးတတ်သည်။ အတိတ်ဘ၀ကံ မမြင်ရ၍ မသိစေဦးတော့
ယခု မျက်မှောက်ဘ၀၌ ကံကံ၏အကျိုးကို ယုံကြည်ကာ လက်ငင်းကောင်းအောင်လုပ်ပါက ကောင်းကျိုး ပြန်ရနိုင်ပါတယ်။
အိမ်ထောင်ရေး သည် ထီထိုးခြင်းလို့ယူဆပါက...အိမ်ထောင်ရေးထီတွင် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ပေးခြင်းစသော အမှုတို့ဖြင့် ပြုကျင့်ကြလျှင် သိန်း ၁၀၀၀ ဆုကြီးမပေါက်စေဦးတော့ ထီပေါက်စဉ်ဖိုး ဆုံးမည်မဟုတ်ပါ။
ကဲ...သိသလောက်လေးတော့ ဆွေးနွေးပြီးပါပြီ... တူနှစ်ကိုယ်တဲ့အိုပျက်မှာ နေရ..နေရ...ဟူသောအတွေး၊ ရေရှားတဲ့ သဲကန္တာရ မရှောင်တယ် ဟူသော စိန်ခေါ်မှု၊ တုံးခုလို့ မှ လှမ်းမရ ရင် တံချုနှင့် ခူးပစ်မယ် ဆိုတဲ့ ရဲရဲတောက် အချစ်မျိုး ငယ်စဉ်က မတွေ့ခဲ့၍.......... ဒီခေါင်းစဉ်လေးနှင့်တော့ ဦးနှောက်ခြောက် ရပါတော့တယ်။
ဘ၀အဓိပ္ပါယ်နဲ့ ဘ၀ပန်းတိုင်ကိုရှာခြင်း
သူငယ်ချင်းတို့ရေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့လေးပါနော်၊ ကျနော့သူငယ်ချင်းတွေအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းဆိုတဲ့ နှစ်ဖြာသော သုခနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ၊
             ဒီနေ့ကတော့.. ၁၃၇၃ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ ဗုဒ္ဓဟူးနေ့ပါ၊ ကျနော်တို့ အထွဋ်အမြတ်ထားတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကျေးဇူးကြီးမားလှတဲ့ မိခင်ရဲ့ ကျေးဇူးကို တရားရေအေးနဲ့ ပြန်လည် ပေးဆပ်ပြီး လူ့လောကတစ်ခွင် အကျွတ်တန်း ၀င်နိုင်အောင် ရည်ရွယ်လျက် လူ့ပြည်ကို ပြန်လည် ကြွမြန်း လာတဲ့ သီတင်းကျွတ်လ၊ လူ့လောကမှာ ရှိနေကြတဲ့ သက်ရှိ သတ္တ၀ါ အားလုံးကလည်း ရိုသေ လေးနက် သော စိတ် နှလုံးတွေနဲ့ ဘုရားရှင်ကို ဆီမီးများထွန်းညှိ ပူဇော် ကြိုဆိုတဲ့ သီတင်းကျွတ်လ၊ အဘိဓမ္မာ အခါတော်နေ့နဲ့ လျော်ညီစွာ တရား ဓမ္မသံများနဲ့ ဝေဆာနေတဲ့ သီတင်းကျွတ်လ၊ ကျနော်တို့တွေရဲ့ အသိစိတ်တွေနဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘနဲ့ ဆရာသမားတွေရဲ့ ကျေးဇူးကို တစ်စု တစ်ဝေးတည်း ဖူးမြော် ကန်တော့လေ့ရှိတဲ့ သီတင်းကျွတ်လ လေးပါနော်။
               သူငယ်ချင်းတို့ရေ၊ ပုတုဇဉ်တွေဟာ လူ့ဘ၀ကို ရနေကြပေမယ့် လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကိုမသိ၊ လူ့ဘ၀ရဲ့ ပန်းတိုင်ကိုမမြင်၊ ဒါကြောင့် ပုတုဇဉ်သည် ဘ၀လမ်း ပျောက်နေသူ ဘ၀လမ်းမှာ စမ်းတ၀ါးဝါး လမ်းမှားနေသူဟု ရှုမြင်သင့်ကြောင်း၊ မျက်ကန်းနဲ့လည်း တူကြောင်း၊ ဘ၀အကြောင်းကို ကောင်းကောင်းမသိ၊ မှန်မှန်ကန်ကန်လည်း မသိတာကြောင့် ဘ၀ကိုလည်း အသုံးမချတတ်၊ ဘာလုပ်ရင် အမှား ဘာလုပ်ရင် အမှန်ဆိုတာလည်း မခွဲခြားတတ်၊ ထိုကြောင့် သနားစရာကောင်းသော လူဖြစ်ရှုံးသော သတ္တ၀ါဟု သိမြင်အပ်ကြောင်း မှတ်သားဖူးပါတယ်ဗျာ။
               သံသရာ ခရီးသွား အချင်းချင်း ဖြစ်ကြရာဝယ် ပုတုဇဉ်သည် လူမိုက် ဖြစ်ပြီး၊ အရိယာသည် လူလိမ္မာဖြစ်သည် ဟုလည်း မှတ်သားရပါတယ်၊ ပုတုဇဉ် လူမိုက်သည် သံသရာ၏ အဆင်းလမ်းနှင့် အတက်လမ်းကို မခွဲခြားနိုင် ရေတွင်းထဲက ဖါးပမာ ကိုယ့်ဘ၀ကို အထင်ကြီးသည်၊ ကိုယ့်ဘ၀ကို အဆုံးထင်သည်၊ ထို့ကြောင့် အမှေင်ထဲကလာပြီး အမှောင်ထဲကို ပြန်သွားနေသူ လူမိုက် တစ်ယောက် ဖြစ်နေသည်ကို ဘယ်သောအခါမျှ မစဉ်းစားမိ၊ အမှောင်ထဲက ဘ၀သည် ကျဉ်းကျုတ်သည်၊ ကြမ်းတမ်းသည်၊ ခက်ထန်သည်၊ ဆင်းရဲသည်၊ ပင်ပမ်းသည်၊ အန္တရာယ်များသည်၊ မလွတ်လပ် ဟုလည်း မှတ်သားဖူးပါတယ်။
               အလင်းဘက်က ဘ၀သည်... ကျယ်ပြန့်သည်၊ သန့်ရှင်းသည်၊ ပြေပြစ်သည်၊ သာယာသည်၊ ငြိမ်းချမ်းသည်၊ မဆင်းရဲ၊ မပင်ပမ်း၊ အန္တရာယ်လည်းမရှိ၊ ပကတိလွတ်လပ်သည်ကို ပုတုဇဉ်အား သိစေလိုသည် ဟုလည်း မှတ်သားဖူးပါတယ်ဗျာ၊
                ခရီးသွားကြသော သူတို့သည် ခရီးသွားသူ အချင်းချင်း အနည်းငယ်မျှသာ ရိက္ခာကို ခွဲခြမ်းဝေငှပြီး ပေးလေ့ရှိကြ သကဲ့သို့ အကြင်.. သံသရာ ခရီးသွား အချင်းချင်းသည်လည်း ပေးလှူအပ်သော အသိပညာကို ခွဲခြမ်း ဝေငှမှုသာ ပြုလေ့ရှိသည်ဟု သာသနာတော်၏ အဆုံးအမများမှ ဖတ်မှတ်ဖူးပါတယ်ဗျာ။
               ဟုတ်ပါပြီနော်... ဒီလောက်ဆိုရင် ကျနော်တို့တစ်တွေ ဘာတွေကို ဆင်ခြင်သင့်သလဲ၊ ဘ၀ကို ဘယ်လို အဓိပ္ပါယ်ရှိအောင် နေပြီး ဘယ်လိုပန်းတိုင်ဆီကို ချီတက်သင့်သလဲ စဉ်းစားလို့ ရလောက်မယ် ထင်ပါတယ်နော်၊
               သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်.......