Saturday, November 12, 2011

သမိုင်းစကား

သမိုင်းစကား



သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
12/26/09
ဒင်္ဂါးအတု
 တောင်ပန်နီ ဘုန်းတော်ကြီး နှင့် ဒင်္ဂါးတု
 မျက်မှောက်ခေတ် ငွေစက္ကူ ငွေအကြွေဒင်္ဂါး အတုများပြုလုပ်ရန် ကြံစည်ကြသည့်နည်းတူ မင်းတုန်းမင်း လက်ထက်ကလည်းဒင်္ဂါးအတုများ ပေါ်ပေါက်ခဲ့ဘူးသည်။ ငွေကိုကြေးနီများရောစပ်၍ တံဆိပ်တော်အတု ရိုက်နှိပ်ကာ သုံးစွဲကြသည်။
 ဒင်္ဂါးတုပြုလုပ်သူမှာ ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ထိုဘုန်းတော်ကြီး စတင်ပြုလုပ်သော ဒင်္ဂါးတုများမှာ ကြာလာသည့်အခါ ကြေးနီများသည်ဖြစ်၍ ဥဒေါင်းရုပ် အတောင်ပန်က စတင်ကာ ကြေးနီရောင် ပေါ်လာသဖြင့် မြို့ဝန်ထောင်မှူး ( တထောင်မှူး ) တို့စုံစမ်း စစ်ဆေးရမိရာတွင် ထိုဘုန်းတော်ကြီးကို မောင်းကျော်ရာဇဝတ်တော် ပေးရဘူးလေသည်။
 ထိုဘုန်းတော်ကြီးကို " တောင်ပန်နီ ဘုန်းတော်ကြီး" ဟု ၎င်း ထိုဘုန်းတော်ကြီးပြုလုပ်သော ဒင်္ဂါးကို " တောင်ပန်နီဒင်္ဂါး" ဟု ၎င်း ခေါ်ဝေါ်ကြသည်။ ထို အချိန်က ဒင်္ဂါးများကို စစ်မစစ် မှန်မမှန် ကြည့်ရှူသုံးစွဲကြရကြောင်းသိရသည်။
( မြန်မာ ဒင်္ဂါးများ ၊ သပြေညို မောင်ကိုဦး ၊ စာပေဗိမာန် ၁၉၇၀ ၊ စာမျက်နှာ ၁၀၃ )
 မင်းတုန်းမင်း ခေတ် ကတည်းက ဒင်္ဂါး အတု ပေါ်၊ မပေါ် ရဲရဲ မပြောတတ်။ သို့သော် ကျွန်တော်တို့ ခေတ်မှာ တော့ ရတနာပုံ ဒင်္ဂါးမှန်သမျှ ထိုင်း၊ အိန္ဒိယ နှင့် ဟောင်ကောင် စတဲ့နိုင်ငံတွေက အတုလုပ်ပြီးရောင်းတယ်။ တောင်ပန် မနီ ၊ ရင်အုပ်လည်း မနီ။ အလေးချိန်မတူ ၊ ငွေသားစစ်စစ် မသုံးတာကလွဲရင် ကျန်တာအကုန်နီးပါးတူတယ်။
 ကိုလိုနီ ခေတ်ဦးကတည်းက ပျောက်ပျက်သွားခဲ့တယ်ဆိုတဲ့ ရတနာပုံ ဒင်္ဂါး ပုံစံခွက်တွေ ဘယ်ဆီထိ ခရီးဆက်တယ်ဆိုတာ မပြောနိုင်သော်လည်း အရေတွက် ၃၆ သန်းကျော် ထုတ်ခဲ့တဲ့ ဒင်္ဂါးအစစ်တွေရော ၊ ခုခေတ်လုပ် ဒင်္ဂါး အတုတွေပါ ကမ္ဘာအနှံ့ခရီးဆက်နေကြလေရဲ့။ ကျွန်တော်တို့ မြန်မာတွေ ရတနာပုံ ဒင်္ဂါး ဘယ်လောက်များများ အမြတ်တနိုး ၊ အမှတ်တရ သိမ်းထားလဲ မသိ။
Posted by ရှေးမြန်မာ at 12/26/2009 3 comments Links to this post
Labels: ရှေးပစ္စည်း ကြည့်မယ်
12/24/09
 ပစပ်ရာဇဝင်
မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " ပါ အကြောင်းရာ တချို့ကို ဒေါက်တာ သန်းထွန်း ၊ ဒေါက်တာ ရီရီ နှင့် မကြန် တို့ရဲ့ စာတမ်းငယ်တွေ မှာ မကြာခဏဖော်ပြတာ ဖတ်ဖူးပါလိမ့်မယ်။
 သမိုင်း ပညာရှင် " မကြန် " က ပါးစပ်ရာဇဝင်ကို " ဖတ်လို့ ကောင်းသည်။ ပါးစပ်ရာဇဝင် ဆိုတော့လည်း မှန်သင့်သလောက် မှန်ပြီး မသေချာတာတွေလည် ပါမှာပေါ့လေ " ဆိုပြီး မှတ်ချက်ပေးတယ် ။
 မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " မှာ ပါတဲ့ အကြောင်းရာတွေဟာ ပေစာ ၊ ပုရပိုဒ်စာ တွေနှင့် သက်ကြီးရွယ်အို တွေရဲ့ ပြောပြချက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ သက်ဦး ဆံပိုင် ဘုရင် နှင့် ပဒေသရာဇ် စနစ်အောက်က အုပ်ချုပ်ခံ ပြည်သူ ၊ မင်းခစား အမတ်တွေ ရဲ့ ခံစားချက် " သရော်စာ " လို ဖြစ်နေ လို့ ဘိုးတော် ( ဗဒုံမင်း ) နှင့် ဘကြီးတော် တို့ တင်မကဘဲ အခြားကျန်နေသေးတဲ့ ခေတ် နှင့် ဘုရင်တွေ အတွက်ပါ ရှိသင့်ပါတယ်။
 ပေးထားတဲ့ လင့် တွေက ဒေါင်း ယူနိုင်ပါတယ်။
https://www.myanmarisp.com/history/History-eBooks/126%20PaSatYarZar...
 http://www.zshare.net/download/70319034c1750375/
 စာအုပ် ( PDF ) ဖိုင် ကို မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့ ကနေယူထားပါတယ်။
Posted by ရှေးမြန်မာ at 12/24/2009 3 comments Links to this post
Labels: သမိုင်းစကား၊ ပန်းစကား
12/15/09
ဥဒေါင်း ၊ ခွက်ဒေါင်း ၊ ကဒေါင်း
ရှေးဟောင်း ဒင်္ဂါး လေ့လာစုဆောင်းသူများသူများကို ဒါတွေ သတိထားပါလို့ ပြောချင်တယ်
 ရတနာပုံ ခေတ် ဒင်္ဂါး တွေမှာပါတဲ့ ဒေါင်းတံဆိပ် ကို ဥဒေါင်း ၊ ခွက်ဒေါင်း ၊ ကဒေါင်း စသဖြင့် အမျိုးမျိုးပြောနေကြတယ်။ မှန်တဲ့ လူ မှန်နိုင်တယ်။ ဘာပြုလို့ဆိုတော့ သုံးထားတဲ့ " ဒေါင်း " ရုပ်တွေ မတူလို့ပါ။
စုဆောင်းလို့ ရသမျှ ကို ဖော်ပြပေးလိုက်ပါတယ်။
( ပန်းခက်လို့ ပြောနေကြတဲ့ အခက်နှစ်ခက် ဟာလည်း မှန်ချင်မှ မှန်မယ် ၊ တမတ်တန် ကြေးဒင်္ဂါး မှာသုံးထားတာ အခက်နှင့်မတူဘဲ အနွယ်နှင့် ပိုတူတယ် )
Posted by ရှေးမြန်မာ at 12/15/2009 1 comments Links to this post
Labels: ရှေးပစ္စည်း ကြည့်မယ်
12/12/09
ရတနာပုံ တိုး ဒင်္ဂါး

ဒေါင်းဒင်္ဂါး ကို " ရတနာပုံဒေါင်းဒင်္ဂါး " လို့ရေးရင် ၊ တိုးဒင်္ဂါး ကိုလည်း ရတနာပုံ တိုးဒင်္ဂါး လို့ ရှေ့မှာ
" ရတနာပုံ" ထည့်ပြီး ရေးသင့်တယ်။
 ရတနာပုံ ဒေါင်းဒင်္ဂါး အကြောင်း သိပ်အသားပေးပြီးရေးတဲ့အခါ ရတနာပုံတစ်ခေတ် တည်းမှာထုတ်လုပ်တာ ဖြစ်ပါလျှက် အခြားအမှတ်တံဆိပ်ပါ ဒင်္ဂါးတွေကို မှေးမှိန်စေပါတယ်။
 မြန်မာတို့ရဲ့ အစဉ်လာ အခေါ်အရ ဒင်္ဂါးဆိုတာ " အမှတ်တံဆိပ်" သို့မဟုတ် " စာ " ပါ ရွှေ သို့မဟုတ် ငွေ အပြားဝိုင်းငယ်တွေကိုသာ ခေါ်ခြင်းဖြစ်တယ်။ ကြေး၊ သံ ၊ ခဲ စတာတွေနှင့် လုပ်ထားတာမျိုးကိုတော့ ကြေးပိုက်ဆံ ၊ သံပိုက်ဆံ ၊ ခဲပိုက်ဆံ စသဖြင့်ခေါ်ကြတယ်။ ဒင်္ဂါး လို့မခေါ်ပါ။
 မင်းတုန်းမင်း ခေတ် ရွှေ နှင့် ငွေ ဒင်္ဂါးတွေ ထုတ်လုပ်ခဲ့တယ်လို့ အများစုရေးကြတယ်။ သီပေါမင်း ခေတ်မှာ ဒေါင်းဒင်္ဂါးတွေကို ဆက်လက် ထုတ်လုပ်သုံးစွဲပါတယ်။ ၁၂၄၀ မှာ တိုးတံဆိပ် ကြေးဒင်္ဂါး ( ကြေးပိုက်ဆံ ) ထပ်ထုတ်ခဲ့ပါသေးတယ်။ ပုံကိုကြည့်ပါ။
" တိုး " သတ္တဝါ
" တိုးတံဆိပ်တော်" စာတမ်း
( တိုး ဆိုတာ မြင်း နှင့် သမင် သတ္တဝါ နှစ်ကောင်ကို ပေါင်းစပ်ထားတဲ့ လာဒ်ကောင်လို့ အယူရှိတယ်။
သီပေါမင်းရဲ့ " တိုး " ဟာ ရှမ်းတိုင်းရင်းသားတွေ ရဲ့ တိုး လို ကြည့်မကောင်းပါ ၊ ရုပ်ဆိုးလှတယ် )
 အခြား တဘက်မှာတော့
" ၁ူး သုံး ဒင်္ဂါး "
" ၈ ပုံ တပုံ "
" ၁၂၄၀ "
" အခက် ၂ ခက် " ( အချို့က ဝိုက်ပန်းခက်လို့ပြောတယ် )
" အခက် ၂ ခက် ရဲ့ကြား မှာ ပန်းပွင့် "
(ဘာပန်းပွင့် မှန်းသေချာမသိပါ၊အခက်ကို ဝိုက်ပန်းခက်လို့ ဆိုရင် ဒီအပွင့်ကို ဝိုက်ပန်းပွင့်လို့ ဆိုနိုင်မလားမသိပါ )
  ကြေးဒင်္ဂါး မှာပါတဲ့ ခုနှစ် " ၁၂၄၀ " ဟာ ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်ပါမယ်။
သီပေါမင်းဟာ စနေသား ဖြစ်လို့ စနေနံ( တ၊ ထ ၊ ဒ ၊ ဓ ၊ န ) ဖြစ်တဲ့အတွက် တိုးတံဆိပ်ကို သုံးတယ်လို့ အချို့က ဆိုတယ်။ မှန်ချင်မှ မှန်မယ်။
 မင်းတုန်းမင်းဟာ အင်္ဂါ သားဖြစ်လို့ " ခြင်္သေ့ " တံဆိပ်ကို သုံးတယ်ဆိုရင် စနေသားဖြစ်တဲ့ သီပေါမင်းဟာ " နဂါး " သုံးဖွယ်ရာရှိတယ်။ " နဂါး " မကြိုက်လို့ " တိုး " သုံးသလားတော့မသိပါ။
ဘာအတွက် ဘာကြောင့်ရယ်လို့တော့ တပ်အပ် မပြောနိုင်သေးပါ။
Posted by ရှေးမြန်မာ at 12/12/2009 0 comments Links to this post
Labels: ၁၉ ရာစု၊ မန္တလေး။
12/5/09
ရတနာပုံ ခြင်္သေ့ ဒင်္ဂါး
မင်းတုန်းမင်း ခေတ်မှာ ဒေါင်းဒင်္ဂါး တွေကို ခပ်လုပ်သုံးစွဲခဲ့တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါ။
ဒေါင်းတံဆိပ်အပြင် တခြား အမှတ်တံဆိပ်တွေဖြစ်တဲ့ " ခြင်္သေ့ ၊ ယုန် ၊ တိုး (လာဒ်ကောင် လို့ အယူရှိတယ် ၊ သမင် နှင့် မြင်း သတ္တဝါ ပေါင်းစပ်ထားတဲ့ အကောင် )" တွေရှိသေးတယ်ဆိုတာ မှတ်ဖို့လိုသေးတယ်။
 ရွှေ ၊ ငွေ ၊ ကြေး ၊ သံ ၊ ခဲ စတဲ့ သတ္ထုပစ္စည်းတွေ ကို အသုံးပြုတယ်။ တန်ဖိုးတွေက ( တကျပ် ၊ ငါးမူး ၊ တမတ် ၊ တမူး ၊ တပဲ )တို့ဖြစ်တယ်။ သို့သော် ဘယ်အမှတ်တံဆိပ် ကို ဘယ်သတ္ထုပစ္စည်းသုံးပြီး ဘယ်လောက် တန်ဖိုးတွေနှင့် ထုတ်တယ်ဆိုတာ သိဖို့လိုမယ်။ ရတနာပုံ ရွှေ ခြင်္သေ့ ဒင်္ဂါး အကြောင်း အကျဉ်း ဖော်ပြချင်ပါတယ်။ ပုံကို ကြည့်ပါ။
ယခင်
" ဒေါင်း" ရုပ်နေရာမှာ " ခြင်္သေ့ " ရုပ် "
ဒေါင်းတံဆိပ်တော် " နေရာမှာ "ခြင်သေ့ တံဆိပ်တော် "
" ၁၂၁၄ " ခုနှစ် နေရာမှာ " ၁၂၂၈ " ဖြစ်လာတယ်။ ဒင်္ဂါး ရဲ့ ခြားတဘက်မှာ ရတနာပုံနေပြည်တော် စာတမ်း နှင့် စုံပန်းခက် ၂ ခက် ကတော့ အပြောင်းလဲမရှိ။
 မင်းတုန်းမင်း ဟာ အင်္ဂါးသားဖြစ်လို့ ခြင်္သေ့ ရုပ်ကို သုံးတယ်။
၁၂၂၈ ကတော့ ခြင်္သေ့တံဆိပ်ပါ ရွှေဒင်္ဂါး တွေ အမှန်တကယ် စတင်ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်မယ်။
( မှားနေရင် ပြောခဲ့ပါ။)
  " သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ ထို့နောက် ငွေ ငါးမူးစေ့ ၊ မတ်စေ့ ၊ မူးစေ့ ၊ ပဲစေ့ များနှင့် သံပိုက်ဆံ ၊ ကြေးနီပိုက်ဆံ ၊ ခဲပိုက်ဆံများကိုလည်း ခတ်လုပ်စေ၍ နိုင်ငံတော်အတွင်း သုံးစွဲ ကြရသည်။ ထို့အပြင် ရွှေဒင်္ဂါး ၊ ရွှေမတ်စေ့ ၊ ရွှေမူးစေ့ များကိုလည်း ခတ်လုပ်စေသည် " လို့ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် မှာ ဖော်ပြထားတယ်။ ( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် ကို ဘယ်သူရေးတယ်၊ ဘယ်နှစ်ခုနှစ် ၊ ဘယ်လို ရေးတယ်၊ ဘယ်လောက်ထိ စိတ်ချရလဲဆိုတာ သိဖို့ လိုအပ်သေးတယ် )
Posted by ရှေးမြန်မာ at 12/05/2009 0 comments Links to this post
Labels: ၁၉ ရာစု၊ မန္တလေး။
ဒေါက်တာ သန်းထွန်း

မြန်မာ့သမိုင်း နှင့် ယဉ်ကျေးမှု အတွက် အမှန်တကယ် အလုပ်လုပ် ပြီး ကျေးဇူးပြူ ခဲ့တဲ့ ပညာရှင်
( မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသား )တွေရဲ့ ကိုယ်ရေး ရာဇဝင် အကျဉ်း ကို စုစည်းဖော်ပြ ချင်ပါတယ်။ နိုဝင်ဘာ ၃၀ ၂၀၀၉ မှာ ကွယ်လွန် သွားခဲ့တာ ၄ နှစ်ပြည့် သွားပြီဖြစ်တဲ့ ဒေါက်တာသန်းထွန်း ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်း ကို စတင်ဖော်ပြလိုပါတယ်။။.

 ဒေါက်တာ သန်းထွန်း
( ၁၉၂၃-၂၀၀၅ )

၁၉၂၃ ဧပြီ ၆ သောကြာနေ့တွင် အဖ ဦးဘိုးတွေ အမိ ဒေါ်သင်တို့မှ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ၊ ငါးသိုင်းချောင်းမြို့ ၊ ဒေါင့်ကြီးရွာ၌ ဖွားမြင်သည်။ မွေးချင်း ငါးယောက်တွင် ဒုတိယမြောက်ဖြစ်၍ အမည်ရင်း သန်းထွန်း ။

၁၉၃၈ မတ်တွင် ငါးသိုင်းချောင်း အမျိုးသားအထက်တန်းကျောင်းမှ ဟိုက်စကူးဖိုင်နယ် စာမေးပွဲ အောင်မြင်။

၁၉၃၉ ဩဂုတ်လတွင် ရန်ကုန် ယူနီဘာစီတီ၌ စတင်ပညာသင်။

၁၉၄၁ မတ်တွင် အိုင်အေ ( ဝိဇ္ဇာ အောက်တန်း ) အောင် ။

၁၉၄၂ ဂျပန်ခေတ်တွင် ဖခင်၏တိုက်တွန်းမှုဖြင့် ငါးသိုင်းချောင်းဘုရားကြီးတိုက် ဦးဉာဏိဿရထံ၌ ဇာတာဖွဲ့နည်း ၊ ပြက္ခဒိန်လုပ်နည်း ၊ နေကြတ် ၊ လကြတ် ၊အာယုဒါယတို့ သင်သည်။ သင်္ကြန်စာရေးသား၍ အစိုးရထုတ်ဝေခွင့်ရအပြီး ပုံနှိပ်ချိန်တွင် ဗုံးကျသည့်အထဲပါသွားသည်။

၁၉၄၃ ငါးသိုင်းချောင်း အာရှလူငယ် အတွင်းရေးမှူး။

၁၉၄၅ ငါးသိုင်းချောင်း ဖ - ဆ - ပ - လ ၏ ပထမဦးဆုံး ဥက္ကဋ္ဌ။

၁၉၄၆ မတ်တွင် ဝိဇ္ဇာဘွဲ့။ ဇွန် ၁ တွင် ရကုန်တက္ကသိုလ် သမိုင်းဌာန၌ အချိန်ပိုင်းနည်းပြ၊ ဝိဇ္ဇာဂုဏ်ထူးတန်း ကို ဆက်လက် တက်ရောက်။

၁၉၄၇ မတ်တွင် ဝိဇ္ဇာ (ဂုဏ်ထူး ) ဘွဲ့။ ဇွန် ၁ တွင် အချိန်ပြည့်နည်းပြ။

၁၉၄၈ အောက်တိုဘာ ၁၉ တွင် ငါးသိုင်းချောင်း၊ ကွမ်းယာရွာမှ ဦးဘိုးမြိုင် ၊ ဒေါ်မြ တို့၏ သမီး ဒေါ်ခင်ရီ နှင့် လက်ထပ်။

၁၉၅၀ မတ်တွင် သမိုင်းမဟာ ဝိဇ္ဇာ ဘွဲ့။ ဇွန် ၁၀ တွင် လက်ထောက် ကထိက။

၁၉၅၁ ဥပဒေ သင်တန်းတက်။

၁၉၅၂-၁၉၅၆ ဥပဒေဘွဲ့။ ကိုလံဘို စီမံကိန်း ဖြင့် အမေရိကန်နိုင်ငံ ကော်နဲလ် တက္ကသိုလ် ( Cornnell University ) ပညာသင်ဆုရ။ အစိုးရပညာသင် အဖြစ်လည်း အရွေးချယ်ခံရ၍ မိမိဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်ကို ရွေးချယ်ခဲ့။ အောက်တိုဘာမှ ၁၉၅၆ ဇန်နဝါရီ အထိ လန်ဒန် တက္ကသိုလ် တွင် ပါရဂူဘွဲ့ သင်တန်းတက်။ ပါမောက္ခ လုစ် ၏ တိုက်တွင်းမှုဖြင့် " ပုဂံခေတ် သာသနာဝင် " Buddhist Church Pagan Period " စာတမ်းကို တင်သွင်း၍ Ph. D, ဘွဲ့ရ။ စာတမ်းကြီးကြပ်သူမှာ ပါမောက္ခ ဟောဖြစ်ပြီး ယင်းစာတမ်း အတွက် ဘီစီလော ဆုရ။
 ၁၉၅၆ မေ ၁ တွင် ရန်ကုန်ပြန်ရောက်။ ဇွန် ၁၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ၊ မြန်မာနိုင်ငံ သုတေသန အသင်း ရာသက်ပန် အသင်းဝင်။ နိုဝင်ဘာ ၃ တွင် တပ်မတော် မော်ကွန်းတိုက်၌ သုတေသန အရာရှိချုပ် နှင့် အယ်ဒီတာချုပ်။
 ၁၉၅၇ ဇန်နဝါရီ ၈ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ၌ လက်ထောက် ကထိက။
 ၁၉၅၈ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန အနောက်တိုင်း ရာဇဝင် ကထိက။
 ၁၉၆၀ နိုဝင်ဘာ ၅ တွင် အရှေ့တိုင်း သမိုင်းကထိက။
 ၁၉၅၈- ၆၁ မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ် အယ်ဒီတာ။
 ၁၉၅၉-၆၁ မြန်မာ့သမိုင်း ကော်မရှင်က ထုတ်ဝေသော သမိုင်းတံခွန် ဂျာနယ်တွင် တွဲဖက် အယ်ဒီတာ။
 ၁၉၆၅-၈၂ အောက်တိုဘာ ၁ တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနှ ပါမောက္ခ။
 ၁၉၈၂ စက်တင်ဘာ ၁၇ တွင် ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်၊ အရှေ့ တောင် အာရှ ဌာနတွင် သုတေသန ပညာရှင်အဖြစ် အမှုထမ်။
 ၁၉၈၃ ဧပြီ ၆ တွင် သက်ပြည့် အငြိမ်းစားယူ။ အောက်တိုဘာ ၁ တွင် တိုကျို နိုင်ငံခြားဘာသာတက္ကသိုလ် အာရှနှင့် အာဖရိက ဘာသာစကားနှင့် ယဉ်ကျေးမှုလေ့လာရေးဌာနတွင် သုတေသန ပညာရှင်။ အင်ဒို တရုတ် ဌာန မြန်မာဘာသာစကား ဧည့်ပါမောက္ခ။
 ၁၉၈၇ ဇန်နဝါရီ ၁ တွင် အမေရိကန် နိုင်ငံ မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ် သမိုင်းဌာန ဧည့်ပါမောက္ခ။
 ၁၉၈၈ ဇန်နဝါရီ ၁ တွင် မြန်မာနိုင်ငံ သမိုင်းလေ့လာရေးအတွက် ပြူစုခဲ့သော မြန်မာနိုင်ငံ အမိန့်တော်များ၊ အေဒီ ၁၅၉၈- ၁၈၈၅ The Royal Orders of Burma A.D 1598- 1885 ( ROB 10 Vols.) အတွက် လန်ဒန် တက္ကသိုလ် က D. Lit., ဘွဲ့ ချီးမြှင့်။ မြန်မာနိုင်ငံ အမိန့်တော်များ ၁၀ တွဲကို ၁၉၈၃- ၉၀ ပြည့်နှစ် အတွင်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်း မှ တာဝန်ယူ ပုံနှိပ် ထုတ်ဝေ။
 ၁၉၉၀ ဧပြီ ၁၂ တွင် ရန်ကုန် ပြန်ရောက်။
 ၁၉၉၁ ဖေဖော်ဝါရီ ၁၃ တွင် မြန်မာစာအဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရ၍ မြန်မာ - အင်္ဂလိပ် အဘိဓာန် ပြုစုရေးတွင်း ပါဝင်ဆောင်ရွက်။ စက်တင်ဘာ ၂၆ တွင် မြန်မာသမိုင်း ကော်မရှင် အဖွဲ့ဝင်။
 ၁၉၉၂ ဒီဇင်ဘာ ၁၄ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသနဌာန ဖွင့်လှစ်ရေးအတွက် တာဝန်ပေးအပ်ခံရ။
 ၁၉၉၃ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသနဌာန အချိန်ပိုင်း ပါမောက္ခ ။
 ၁၉၉၆ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန အချိန်ပိုင်း ပါမောက္ခ ။
 ၂၀၀၀ ဂျပန် ဖုကုအိုက ပညာရှင်ဆုရ။
 ၂၀၀၁ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာန အချိန်ပိုင်း ပါမောက္ခ ။ ခေတ်ဟောင်း မြန်မာ ရာဇဝင် ( ၁၉၆၄ )၊ နယ်လှည့် ရာဇဝင် (၁၉၆၈ ) နှင့် ငါပြောချင်သမျှ ငါ့အကြောင်း ( ၂၀၀၁ ) အပါအဝင် စာအုပ်ပေါင်း ( ၃၀ ) ကျော် ပြုစုခဲ့။
 ၂၀၀၅ နိုဝင်ဘာလ ၃၀ ရက် ဗုဒ္ဓဟူး နေ့ နံနက် ၃း၃၀ တွင် မန္ထလေး မြို့ ၌ ကွယ်လွန်ခဲ့။
 ( အစောဆုံး အက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ ၊ ဒေါက်တာ သန်းထွန်း ၊ စာအုပ်မှ ကူးယူဖော်ပြသည်။ )
 ဒိထက် ပိုသိချင်ရင်တော့ ဒေါက်တာသန်းထွန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ " ငါပြောချင်သမျှ ငါ့အကြောင်း " စာအုပ်ဖတ်ပါ။
Posted by ရှေးမြန်မာ at 12/05/2009 2 comments Links to this post
Labels: သမိုင်းစကား၊ ပန်းစကား
12/1/09

" သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ "
( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် )
 ဒင်္ဂါး မှာ ပါတဲ့ အမှတ်တံဆိပ်တွေကို လေ့လာတဲ့အခါ
 ၁။ ၁၂၁၄ ခုနှစ် ဟာ မင်းတုန်းမင်း နန်တက်တဲ့ ခုနှစ်ကို ရည်ရွယ်တယ်။
 ၂။ သစ်ခက် ၂ ခက် ဟာ စုံပန်းခက် ဖြစ်တယ်။ ( တချို့ က စုံပန်းခွေ လို့ပြောတယ်၊ သေခြာကြည့်ရင် ခွေထားတာ မဟုတ်မှန်းသိသာတယ် )
ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် အရ စုံပန်းနွယ် လို့ပါတယ်။ ဘာကြောင့်/ဘာအတွက် သုံးလဲ မသိသေးပါ။
 ၃။ ဒေါင်း ( ဒေါင်း ကနေဟန် လို့အချို့ကဆိုတယ်၊ အချို့က ဥဒေါင်းလို့ ရေးတယ် )
 ဘာကြောင့် ဒေါင်းရုပ်ကို ခပ်လုပ် အသုံးပြုစေသလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တယ်။ လောလောဆယ် အဖြေတွေကလည်း အမျိုးမျိုး ရထားတယ်။ ဘယ်ဟာ အမှန်ယူရမှန်း မသိသေးပါ။
 မင်းတုန်းမင်းဟာ မြန်မာမင်းတွေရဲ့ ရိုးရာအစဉ်လာတိုင်း လောကီပညာ တွေကို အားကိုးတယ်။ ဗေဒင် ပုဏ္ဏားတွေကို ဗေဒင်မေးရာမှာ ဒေါင်းရုပ် သုံးဖို့ အဖြေရတယ်။ ပညာရှိ အမတ်တွေရဲ့ လျှောက်တင်ချက်အရ နေမင်းရဲ့ ကိုယ်စားအမှတ်အသားဖြစ်လို့ ဒေါင်းရုပ် ကို သုံးတယ်လို့ လဲဆိုရဲ့။ သာကီဝင်မင်း တွေရဲ့ အမှတ် လက္ခဏာ လို့လဲဆိုပြန်တယ်။ အနောက်တိုင်း ပညာရှင်တို့ရဲ့ အဆိုကတော့ " ဒေါင်း " ရုပ်ဟာ ကုန်းဘောင်မင်းဆက်ကို ကိုယ်စားပြုတယ်လို့ ဆိုထားပြန်ပါသေးတယ်။

No comments: