Friday, November 11, 2011

ဒီမိုကရေစီ အရူးထောင် ဖွင့်ပွဲကြီး- စစ်ဗိုလ်လူထွက်များနှင့် ပတ်ဘလစ်ရီလေးရှင်း


မြန်မာသံတော်ဆင့်
အင်းစိန် တောရနှစ်များအတွင်း အလံနီ ထောင်ကျ အဘိုးကြီး တစ်ဦးထံမှ စကားတစ်ခွန်း ကြားခဲ့ဘူးသည်။ သူသည် ၁၉၇၀ ခုနှစ်အထိ ယောချောင် (ယောနယ်)တွင် သခင်စိုးနှင့် အတူရှိခဲ့သည်။ တနေ့သ၌ သူက မေးခွန်းတစ်ခု သခင်စိုးအား မေးလေသည်။
“အခုနေများ ဗြုံးကနဲ ဒီမိုကရေစီ ပြန်ဖြစ်သွားရင် ဘယ်လို နေမလဲ ဆရာကြီး”
သူ့ မေးခွန်းကို သခင်စိုးသည် စက္ကန့် အနည်းငယ်မျှ စဉ်းစားပြီးမှ ပြန်ဖြေလေသည်။
“ဘယ်လိုနေရမလဲ - အရူးထောင် ဖွင့်ပွဲကြီး ဖြစ်လာမှာပေါ့”
၁၉၇၀ ခုနှစ်မှ ရေတွက်သော် အနှစ် လေးဆယ် ကျော်ခဲ့ပြီ ဖြစ်သည်။ ယနေ့ တိုင်းပြည်၏ ကံကြမ္မာသည် ထိုနှစ်များ တ၀ိုက်လောက်က မွေးဖွားခဲ့သူများ၏ လက်ထဲသို့ ရောက်လာနေပြီဟု ဆိုရမည့်အချိန် ဖြစ်သည်။ အထစ်ထစ် အငေါ့ငေါ့နှင့် ရွေ့လျားခဲ့သော နိုင်ငံရေးခရီးသည် အကောင်းဘက်သို့ ရှေးရှုနေပြီဟု ပြည်တွင်း ပြည်ပမှ လူအများ ခံစားလာ နေမိကြချိန်လည်း ဖြစ်သည်။ ဦးသိန်းစိန် အစိုးရ တက်ပြီး ခြောက်လတာ အတွင်း ထိန်းချုပ်ထားမှုများကို တဖြည်းဖြည်းချင်း ဖြေလျှော့ ပေးနေသဖြင့် ယခင်က မကြားဘူးသော အသံများ၊ မဖတ်ဘူးသော သတင်းများ စတင်၍ ဖတ်လာ ကြားလာရသည်။
အွန်လိုင်းတွင် တင်ပေးထားသော ပြည်တွင်း ပြည်ပတွင် ကျင်းပသော စာပေ ဟောပြောပွဲများကို ကြည့်ရှု နားထောင်သောခါတွင် လည်းကောင်း၊ ပြည်တွင်းမှ လာသော အီးမေး ဖြန့်ဝေစာများတွင် လည်းကောင်း ရဲရဲတောက် ပြောသံ၊ ဟောသံ၊ ရေးသံများ စတင် ထွက်ပေါ်လာ နေသည်ကို သတိပြုမိသည်။ ၄င်းတို့ အနက် အဓိပ္ပါယ်ရှိရှိနှင့် စေတနာ ကောင်းသော ပြောဟောသူများ ရှိသကဲ့သို့ သူခိုးပြေးမှ ထိုးကွင်းထသူများ၊ လူပြိန်းကြိုက် ပြော၍ လက်ခုပ်သံတောင်း ပုဂ္ဂိုလ် အများလည်း ပါလာလေသည်။
ကွယ်လွန်သူ ရန်ကုန်ဘဆွေ၏ “မင်းလိုလူစား အများကြီးဟေ့” ဟူသော ၀တ္တု ခေါင်းစဉ်ကို ပြန်၍ သတိရမိသည်။
နိုင်ငံရေး လွတ်လပ်ခွင့်များကို တိုင်းပြည် အကျိုးအတွက် အကောင်းဆုံး အသုံးချနိုင်သူများ အတွက်သာ ဟူ၍ သီးသန့် ကွက်၍ ပေးရန် မဖြစ်နိုင်ချေ။ စေတနာ မညံ့သော်လည်း အခြားအရာများ ညံ့နေသေးသဖြင့် တလွဲသုံးမိသူများ၊ စေတနာ ညံ့ဖျင်း၍ မိမိကိုယ်ကျိုး အတွက်သာ အသုံးချမည့် သူများကိုပါ အတူတူ ခွင့်ပြုပေးရမည် ဖြစ်သည်။
ဤသုံးမျိုးအနက် ပထမ အမျိုးအစားက နည်း၍ ဒုတိယနှင့် တတိယ အမျိုးအစားက ပိုများနေလျှင် ဒီမိုကရေစီသည် သခင်စိုး ပြောဘူးသော အရူးထောင် ဖွင့်ပွဲ ဖြစ်သွားနိုင်သည်။
ဤအခြေအနေမျိုး အထိ (ပြည်တွင်းမှာ) လောလောဆယ် မဆိုက်ရောက်သေး။ လူတွေကပဲ နိုင်ငံရေး အသိတွေ မြင့်နေကြလို့လား၊ အခွင့်အရေး သမားများကပဲ သိပ်အတင့် မရဲကြသေးလို့လားတော့ မသိရ။ ပြည်ပတွင်မူ ‘အရူးထောင် ဖွင့်ပွဲ’ ဖြစ်နေတာ ကြာပြီ။ ကွန်ပြူတာ တစ်လုံးနှင့် အချိန် ကုန်ခံနိုင်သူတိုင်း အွန်လိုင်း တော်လှန်ရေး လုပ်နေကြသည်မှာ အင်တာနက် စပေါ်ကတည်းက ဖြစ်သည်။
ယခုတလော အများ စိတ်လှုပ်ရှားနေကြသည်မှာ မြစ်ဆုံဆည်ကိစ္စ ဖြစ်သည်။ ဆည်ကိစ္စသည် အရေးမကြီး မဟုတ်။ သို့သော် ဤကိစ္စက ၄င်းထက် အရေးကြီးသည့် အခြား ကိစ္စများထံမှ လူထု၏ အာရုံကို လွှဲပြောင်း ယူထားသည်။
ဥပမာ ဒီမိုကရေစီရေး လမ်းပွင့်လာမှု နောက်ကြောင်း ပြန်၍ လှည့်သွားမည့် အရေးကို ပြည်တွင်းကော နိုင်ငံတကာကပါ စိုးရိမ် နေကြသည်။ ဤသို့ဆိုလျှင် ခေတ်ကို နောက်ပြန် ဆွဲနိုင်သည့် ဖေါက်ပြန်ရေး အင်အားစုများ (reactionary elements) ကို အချိန်မှီ ဘ၀ပြောင်းပစ်ဖို့ အားထုတ် ကြရမည်။ ၄င်းတို့ ခိုအောင်းရာ ဌာနများကို သန့်ရှင်းရေး လုပ်ပစ်နိုင်ရမည် ဖြစ်သည်။
အတိတ်ကို ပြန်ပြောင်းကြည့်လျှင် ဗိုလ်ချုပ်ကြီး စောမောင်၏ န၀တ အစိုးရ တစ်လသား ဘ၀တွင် တပ်ပြန်ရေး မပြန်ရေးကို အဆုံးအဖြတ် ပေးခဲ့သည်မှာ ၀န်ထမ်း ယန္တယား ဖြစ်သည်။ သပိတ်မှောက် ၀န်ထမ်းများ အလုပ်ခွင် ပြန်ဝင်ကြရန် အမိန့်ကို နာခံခဲ့ကြသည့် အတွက် တပ်မတော် အစိုးရသည် ဆက်၍ တည်မြဲခဲ့ယုံ သာမက ရှေ့ကို မိမိအာဏာ တည်မြဲရေး အတွက် ၀န်ထမ်းကို အပိုင်ကိုင်ရမည့် သင်ခန်းစာကောင်းကို ထုတ်ယူသွား နိုင်ခဲ့သည်။ ၀န်ထမ်း ယန္တယား (State bureaucracy) ထဲသို့ စစ်တပ် မိသားစုဝင်များနှင့် တပ်အနွယ်များကို ဦးစားပေး သွတ်သွင်းခဲ့ယုံ သာမက အရပ်သားများကိုလည်း နိုင်ငံရေးအရ သစ္စာခံမှ အလုပ်ခန့် လာခဲ့သည်။ အလုပ်ရရေး၊ ရှိနေသည့်အလုပ် တည်မြဲနေရေးသည် တော်ရန်၊ တတ်ရန်မလို၊ ပြည်သူကို ဂရုစိုက်ရန် မလို၊ တပ်မတော်
အစိုးရကို သစ္စာခံရန်သာ လိုအပ်လာသည်။
ရလဒ်မှာ ၀န်ထမ်းများ အရည်အချင်း ညံ့ဖျင်းလာယုံမက အကျင့်ပျက် လာဘ်စားမှုများ မတရား ကြီးထွား လာခဲ့သည်။ (Not only efficiency badly eroded but also corruptions grown out of control)
ဤ၀န်ထမ်း ယန္တယားမျိုးကို ဆက်ခံ သုံးစွဲရမည့် သမ္မတ ဦးသိန်းစိန်က သူ၏ အစိုးရသစ်ကို သန့်ရှင်းသော ကောင်းမွန်သော အစိုးရ (Clean government, Good government) ဖြစ်စေရမည်၊ အကျင့်ပျက် လာဘ်စားမှုများကို နှိမ်နင်းမည်ဟု ကြွေးကျော် ထားသော်လည်း ယခု အထိတော့ စကားအဖြစ်နှင့်ပင် တစ်ကြိမ်သာ ကြားရသေးသည်။ သမ္မတ၏ အကြံပေးတစ်ဦးကမူ လုပ်စရာ အလုပ်တွေ အများကြီး ဖြစ်နေကာ အားလုံး ပြိုင်တူ အရေးကြီး နေကြလို့ပါ ဆို၏။ ဟုတ်မှန် လောက်သော်လည်း ခွင့်လွှတ်လိုက်လို့ မဖြစ်။
ယခုတလော အစိုးရက ခေတ်မှီရေးကို ရှေးရှု၍ အိုမင်းနေသော မော်တော်ကားဟောင်း ပိုင်ရှင်များကို ကားဟောင်း ပြန်အပ်၍ ကားသစ် တင်သွင်းခွင့် ပေးလိုက်ရာ ကုန်းလမ်း ညွှန်ကြားမှု ဦးစီးဌာနနှင့် ကားဟောင်း လက်ခံရာ ဒေသအလိုက် အုပ်ချုပ်ရေး အာဏာပိုင်များ အတွက် စားပေါက်သစ်များ ပေါ်လာကာ လူထုအတွက် အကျိုးမရှိဘဲ ဖြစ်နေသည်ကို ပြည်တွင်း ဂျာနယ်တစ်ခုက အကျယ်တ၀င့် ဖေါ်ပြထားသည်။ ဤပြဿနာမှာ မြုပ်နေသော ရေခဲတောင်ကြီး၏ ရေပေါ်တွင် မြင်ရသော အစွန်းကလေး တစ်ခုမျှသာ ဖြစ်သည်။ (Tip of the iceberg)
ဝန်ထမ်း ယန္တယားကို ထိရောက်သော ပြုပြင်ရေး (bureaucracy reform) မလုပ်နိုင်သမျှ ကာလပါတ်လုံး အစိုးရသစ်သည် ဘာလုပ်လုပ် မအောင်မြင်နိုင်။ မွေးကင်းစ ဒီမိုကရေစီ အတွက်ပင် အန္တရာယ်ရှိသည်။ တည်ဆဲ အခြေအနေတွင် အမြတ်ထွက် စားသာ နေသူများသည် - ပါးစပ်က ဘာပြောပြော၊ ဘ၀အရတော့ အပြောင်းအလဲကို မလိုလားနိုင်။
(Benefitting from the status quo makes bureaucracy a force of inertia.)
တစ်ဘက်တွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံထားသော ပြည်သူ ပြည်သား အခွင့်အရေးများ အပြည့်အ၀ မရသေးသည့် အပေါ် လွှတ်တော်တွင်း၊ လွှတ်တော်ပ တင်ပြ အရေးဆိုနေကြသည်။ ဤအခြေခံ ကျသော ကိစ္စကြီးနှစ်ခု (The two fundamental issues) မှ အာရုံ လွဲသွားအောင် တခြားကိစ္စများကို ရှေ့တန်းတင် နေကြသူများသည် တမင်ဖြစ်စေ - မသိပဲဖြစ်စေ သန္ဓေတည်စ ဒီမိုကရေစီကို အရူးထောင် ဖွင့်ပွဲအဖြစ် အလွဲ သုံးရာ ရောက်သည်။
သူတို့ထဲမှ အချို့က ဆိုလျှင် အစိုးရသစ်ကို ပူးပေါင်း ဆောင်ရွက်မှု ပေးကြည့်ရန် ဆုံးဖြတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကိုပင် နိုင်ငံရေးအရ အပျိုရည် ပျက်သွားသလောက် နီးနီး ပုတ်ခတ် လာနေကြသည်။ ပြည်ပမှ အင်တာနက် တော်လှန်ရေး သမားများက အများစု ဖြစ်သော်လည်း ပြည်တွင်းမှ ‘ရာသက်ပန် တော်လှန်ရေး’ သမား တချို့လည်း ပါသည်။ တင်းမာသူများက မယုံကြည်ရေး၊ မစေ့စပ်ရေး၊ ပူးပေါင်း ဆောင်ရွက်မှု ဆန့်ကျင်ရေးကို ပြောနေသလို အခြား တစ်ဘက်တွင်လည်း ပေါ်ထွက် လာကာစ အရပ်သား အာဏာကို ဂရုမစိုက်သော စစ်ဗိုလ် လူထွက်များ အစိုးရဌာန အသီးသီးတွင် ၀န်ကြီးမှအစ ရာထူး အဆင့်ဆင့်တွင် လက်တွေ့ လိုအပ်ချက်အရ အုံနှင့် ကျင်းနှင့် ဆက်၍ ရှိနေကြသည်။
တရုတ် ကုမ္ပဏီ တစ်ခုက ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်မည့် ရေအား လျှပ်စစ်ထုတ် တမံကိစ္စနှင့် ပါတ်သက်၍ မေးကြသော မေးခွန်းများကို ပြည်သူ့ လွှတ်တော်တွင် အမှတ် (၁) လျှပ်စစ် ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဇော်မင်း ဖြေကြားသွားပုံ လေယူ လေသိမ်းကို နားထောင်ရသည်မှာ အရပ်သား လွှတ်တော် ကိုယ်စားလှယ်များကို ဘာမှမသိသူများ၊ အများယောင်၍ လိုက်ယောင် နေကြသူများ အဖြစ် အထင်သေးသည့် လေသံ အထင်းသား ပေါ်နေသည်။ ရှေးဦးစွာ ဘယ်သူ ဘာထင်ထင်၊ ဘယ်လောက် ကန့်ကွက်နေသည် ဖြစ်စေ ရေကာတာကို ဆက်လုပ် သွားမည်ဟု ထိပ်တိုက် ရင်ဆိုင် စပြောသည်။ ကန့်ကွက်မှုများကို “ရောဂါ” ဟုပင် ရင့်ရင့် သီးသီး သုံးသွားသည်။
သူပြန်လှန် တင်ပြသော အချက်အလက် တစ်ချို့ယုတ္တိတန် နေလင့်ကစား သူ့စကားလုံးများနှင့် လေသံက ‘အပြော မတတ်တော့ ဆဲသလို’ ဖြစ်ကာ တစ်နိုင်ငံလုံး ဒေါသူပုန် ထကုန်သည်။
ပြဿနာကြောင့် ဒုက္ခမဖြစ်၊ ဖြေရှင်းနည်းကသာ ဒုက္ခ ဖြစ်စေသည် ဟူသော စကားတစ်ခွန်း ရှိလေသည်။ (Issues themselves do not constitute trouble; solutions can be.)
စစ်ဗိုလ်ချုပ်များက တိုင်းပြည် အုပ်ချုပ်ရေးနှင့် အမျိုးသား စီးပွားရေး စီမံခန့်ခွဲမှုကို ကာလ ကြာရှည်စွာ ယူထားခဲ့ကြပြီး အရပ်သားများ အဖို့ တိုင်းပြည် အုပ်ချုပ်ပိုင်ခွင့်ကို အချိန်အကြာကြီး လက်လွတ် ဆုံးရှုံးခဲ့ကြသည်။ ထို့ကြောင့် အထင်အမြင် မသေးမိဘို့ လိုသည်။ ပြဿနာမှာ အရပ်သားအပေါ် သဘောထား ပြဿနာ (attitude problem) ဖြစ်သည်။ ဦးဇော်မင်း ကဲ့သို့သော စစ်ဗိုလ် လူထွက်များ အရေအတွက် မများ လောက်သော်လည်း သူ့လို လူမျိုး သုံးလေးဦး ရှိယုံမျှဖြင့် ဦးသိန်းစိန် အစိုးရအတွက် ပြဿနာတွေ မဆုံးနိုင် စတမ်း ရင်ဆိုင်ရဘို့ လုံလောက်နေပြီ ဖြစ်လိမ့်မည်။
ဇော်မင်း ဖန်တီးသော ပြဿနာကို သမ္မတကြီးက ကိုင်တွယ်လိုက်ပုံ (damage control) အား ပရိသတ်က သြဘာ ပေးနေကြသော်လည်း စေ့စေ့ တွေးကြည့်လျှင် အပြီးသတ်နိုင်မည့် နည်း (sustainable solution) မဟုတ်ကြောင်း သိသာသည်။ ယခုပင် တရုတ် ကုမ္ပဏီက တရားစွဲမည်ဟု ခြိမ်းချောက်နေပြီ။ MITV တွင် မြင်ရသည့် သမ္မတကြီးနှင့်
ပြည်သူ့ လွှတ်တော် ဥက္ကဌကို လာတွေ့သော တရုတ်သံအမတ်၏ မျက်နှာတွင် အလွန် စိတ်မသက်မသာ ဖြစ်နေပုံ အထင်းသား ပေါ်နေသည်။
အစိုးရဟောင်းများ၏ နိုင်ငံတကာနှင့် ချုပ်ဆိုခဲ့သော စာချုပ် စာတမ်းများကို အစိုးရသစ်များက ဆက်ခံ သဘောတူ အတည်ပြု ရသည်မှာ နိုင်ငံတကာ ထုံးစံဖြစ်သည်။ (ရှားရှား ပါးပါး ချွင်းချက်အဖြစ် ရုရှားတွင် ၁၉၁၈ ခုနှစ်က အာဏာ ရခဲ့သော လီနင်၏ ဘော်လ်ရှီဗစ် အစိုးရကသာ ဇာဘုရင်အစိုးရ၏ နိုင်ငံတကာ ကတိက၀တ်များကို မလိုက်နာ ခဲ့ဘူးသည့် သာဓက တစ်ခုသာ ရှိသည်။) မြန်မာပြည်၏ အခြေခံ ဥပဒေသစ်ထဲမှာလည်း ဤအချက်ကို အတိအလင်း ထည့်သွင်း ပြဌာန်း ပေးထားသည်။ ဦးသိန်းစိန် အစိုးရ မည်သို့ ဆက်လက် ကိုင်တွယ်မည်ကို စောင့်ကြည့်ရပေမည်။
မည်သို့ဖြစ်စေ လက်ရှိ နိုင်ငံရေး မြင်ကွင်းတွင် မြင်နေရသော ပြဿနာများ အပေါ် အဓိပ္ပါယ်ကောက် မလွဲသင့်။ ဖွင့်ပေးလိုက်လို့ ပြဿနာတွေကို မြင်လာရခြင်း ဖြစ်သည်။ ယခင်က မမြင်ကြရခြင်းမှာ ပြဿနာတွေ မရှိခဲ့လို့မဟုတ်၊ ထုတ်ဖေါ်ခွင့် မရခဲ့လို့သာ ဖြစ်သည်။ တဖန် ပြဿနာတိုင်းတွင် ထိပ်တိုက် ဆန့်ကျင်ဘက် အနေအထား အသီးသီးမှ ရပ်၍ ငြင်းခုံမှုတွေ ပြင်းထန်နေခြင်းကိုလည်း ‘ရောဂါနှင့် ဆေးတွေ့နေတာ’ဟု မြင်သင့်သည်။ စနစ်တစ်ခုလုံးကို ချုံကြည့်လျှင် မွေးကင်းစ ဖြစ်သော်လည်း ကျန်းမာ သန်စွမ်းသည် (healthy) ဟုဆိုရမည်။
ပြဿနာများကို တင်ပြပုံနှင့် ပြည်သူနှင့် ဆက်ဆံရာ၌ ယဉ်ကျေးဘို့၊ ပညာပါဘို့တော့ လိုအပ်သည်။ ပညာဆိုသည်မှာ ‘ပတ်ဘလစ်ရီလေးရှင်း’ ကို ဆိုလိုသည်။ ပတ်ဘလစ် ရီလေးရှင်းသည် ယနေ့ ခေတ်ပေါ် အထူးပြု ဘာသာရပ်တခု ဖြစ်ကာ နိုင်ငံတကာတွင် စီးပွားရေး ကော်ပိုရေးရှင်းများ သာမက အစိုးရများကပါ အရေးတကြီး ထားလာနေသော
ဘာသာရပ် ဖြစ်သည်။ တရုတ်ပြည်တွင် ၂၀၀၆ စာရင်းအရ ကောလိပ်နှင့် တက္ကသိုလ်များတွင် ထိုဘာသာရပ်ကို သင်ယူနေသော ကျောင်းသား ဦးရေသန်း ၁၀၀ ကျော် ရှိသည်။
ထို့ပြင် ၀န်ကြီးဌာနများနှင့် လွှတ်တော်တွင် တာဝန်ယူနေသော ဗိုလ်ချူပ်ဟောင်းတိုင်း မိမိနှင့် သင့်လျှော်မည့် အရပ်သား စိတ်ထား ပြန်မွေးရေးအစဉ် (civilianizing process) တစ်ခုခုကို မိမိဖာသာ ပြုလုပ်၍ ဖြတ်သန်းသင့်သည်။ သို့မှသာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ချောမွေ့မည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဤနေရာမှစရမည်။
ဒီမိုကရေစီ အခွင့်အရေးကို အလွဲသုံးမည့် သူများနှင့် အရပ်သားကို အထင်မကြီး နိုင်သော စစ်ဗိုလ် လူထွက်များကို ပြဿနာ တစ်ခုခုက တွဲဖက် ဆက်စပ်ပေး လိုက်သော အခါတိုင်း ပြီးပြည့်စုံသော မုန်တိုင်းများ (perfect storms) ဖြစ်လာနိုင်သည်။
မြန်မာသံတော်ဆင့်

No comments: