Saturday, November 12, 2011

သင့်ရဲ့ခန္ဓာဘာသာစကား(body language) စိတ်ချယုံကြည်မှုကိန်း ဘယ်လောက်မြင့်သလဲ?

သင့်ရဲ့ခန္ဓာဘာသာစကား(body language) စိတ်ချယုံကြည်မှုကိန်း ဘယ်လောက်မြင့်သလဲ?


သင့်ရဲ့ကိုယ်ဟန်အမူအရာ(body language)က သင့်ကိုယ်သင်ယုံကြည်မှု(self-confidence)ကို ဘယ်လောက်ထိ ထုတ်လွှတ်ပေးနိုင်သလဲ? အခုပဲ ကျွန်မတို့ ကြည့်လိုက်ကြရအောင်… အောက်ကမေးခွန်းတွေမှာ သင်နဲ့ပိုသင့်တော်တဲ့အဖြေကိုရွေးပြီး သင်ရွေးထားတဲ့ A, B, C ကို ပေါင်းလိုက်ပါ။

(၁) မတ်တပ်ရပ်နေချိန်မှာ သင့်ခြေထောက်နှစ်ခုကြား အကွာအဝေး?

(A) ၂၅ စင်တီမီတာ
(B) ၁၅ _ ၂၅ စင်တီမီတာ
(C) ၁၅ စင်တီမီတာအောက်



(၂) ထိုင်နေချိန်မှာ သင့်ခြေထောက်အနေအထား?

(A) ခြေချိတ်ထားတယ်/ ဒူးပေါ်ကို နောက်ခြေတစ်ချောင်းတင်ထားတယ်
(B) ခြေနှစ်ချောင်းကို ဒီအတိုင်းအပြိုင်ချထားတယ်
(C) ခြေနှစ်ချောင်းကို ပူးထားတယ် ဒါမှမဟုတ် ခြေဖဝါးနှစ်ခုကို ယှက်ထားတယ်



(၃) ခေါင်း/ လည်ပင်းအနေအထား?

(A) ခေါင်းကို မော့ထားပြီး လည်ပင်းကိုဖော်ထားတယ်
(B) ခေါင်း၊ လည်ပင်း တည့်မတ်တယ်
(C) ခေါင်းရှေ့ငိုက်ပြီး လည်ပင်းကိုကွယ်ထားတယ်



(၄) ပုခုံးအနေအထား?

(A) နောက်လှန် (ရင်ကော့) ထားတယ်
(B) ဖြည်လျော့ထားတယ်
(C) ရှေ့ကိုအနည်းငယ် ငိုက်ချထားတယ်



(၅) တခြားလူနဲ့လက်ဆွဲနှုတ်ဆက်ချိန် သင့်လက်က….?

(A) လက်ဆန့်ထုတ်ချိန်မှာ လက်ဖဝါးကိုမှောက်ထားတယ်
(B) လက်ဆန့်ထုတ်ချိန် လက်ဖဝါးက မြေကြီးနဲ့ထောင့်မှန်ကျတယ်
(C) လက်ဆန့်ထုတ်ချိန်မှာ လက်ဖဝါးကိုလှန်ထားတယ်



(၆) စိတ်လှုပ်ရှားတဲ့အခါ သင့်လက်ကို ….?

(A) ကျောဖက် ဒါမှမဟုတ် တင်ပါးနောက် ပို့ထားလိုက်တယ်
(B) ကိုယ်ဘေးနှစ်ဖက်မှာပဲ ပေါ့ပေါ့ပါးပါးထားတယ်
(C) အိတ်ကပ်ထဲထည့်ထားတယ် ဒါမှမဟုတ် ခန္ဓာကိုယ်တစ်နေရာရာကို ထိတွေ့တယ်



(၇) လိုအပ်ချက်ကို တင်ပြတဲ့အခါ သင့်လက်က….?

(A) လက်ဖဝါးကို အောက်ဖက်မှောက်ထားတယ်
(B) လက်ဖဝါးကို အထက်လှန်ထားတယ်
(C) လက်နှစ်ဖက်ကို ယှက်ထားတယ် ဒါမှမဟုတ် လက်ကို အိတ်ကပ်ထဲထည့်ထားတယ်



(၈) စဉ်းစားတွေးတောချိန်မှာ သင်က…?

(A) လက်နှစ်ဖက်ရဲ့ လက်ညှိုးထိပ်တွေကိုထိထားတယ်/ ရှိခိုးတဲ့ပုံစံ
(B) မေးစေ့ကို လက်မ၊ လက်ညှိုးနဲ့ထောက်ထားတယ်
(C) နုတ်ခမ်းကိုက်တယ် ဒါမှမဟုတ် လက်နဲ့မေးရိုး၊ ပါးစပ်၊ နှာတံ၊ ဆံပင်တွေကို ပွတ်သပ်တယ်



(၉) လမ်းလျှောက်နေချိန်မှာ သင်က…?

(A) လက်မောင်းလှုပ်တယ်၊ တံတောင်ဆစ်ကို အပြင်ဖက်လှည့်ထားပြီး ဒရိမ်းဒရိုင်လျှောက်တယ်
(B) လက်ကို ကိုယ်မှာကပ်ထားပြီး လက်မောင်းလှုပ်ရုံလျှောက်တယ်
(C) လက်ကို အိတ်ကပ်ထဲထည့်ထားတယ်



(၁ဝ) တခြားလူရဲ့ စကားကိုနားထောင်နေချိန်မှာ သင်က…..?


(A) ခေါင်းကိုမတ်ပြီး တစ်ဘက်သားကိုကြည့်တယ်
(B) ခေါင်းကိုအနည်းငယ်စောင်းပြီး တစ်ဘက်သားကိုကြည့်တယ်
(C) ခေါင်းကိုတခြားဖက်လှည့်ပြီး နားကို စကားပြောသူဖက်လှည့်ထားတယ်။ သိပ်မငဲ့ကြည့်ဘူး။



(၁၁) တခြားလူတွေနဲ့ သင်ဘယ်လို အကြည့်ချင်းဆက်ဆံသလဲ?

(A) တစ်ဖက်လူရဲ့ နှဖူး၊ ပါးစပ်အပါအဝင် မျက်နှာတစ်ခုလုံးကိုကြည့်တယ်
(B) တစ်ဖက်လူရဲ့ မျက်ခုံးနှစ်ဖက်ကနေ နှာထိပ်ဖျားထိ တြိဂံနေရာကို အာရုံစိုက်ပြီးကြည့်တယ်
(C) တစ်ဖက်လူကို တည့်တည့်မကြည့်ဘဲ အောက်ကိုပဲ ငုံ့ကြည့်တယ်



(၁၂) စိတ်တိုတဲ့အခါ သင်က…?

(A) မျက်မှောင်ကြုတ်ပြီး သဘောမတူကြောင်းပြတယ်/ အော်ဟစ်တယ်
(B) မျက်နှာမာနဲ့ အပြုံးအရယ်မရှိဘူး၊ မေးစေ့ထားတယ်
(C) နုတ်ခမ်းစူထားတယ်



(၁၃) လူတွေနဲ့ စကားပြောတဲ့အချိန် သင့်ရဲ့ချက်နေရာကို ဘယ်ဖက်ဦးတည်ထားသလဲ?


(A) ခါးပေါ်လက်ထောက်ပြီး စကားပြောတဲ့လူဖက် ဦးတည်ထားတယ်
(B) စကားပြောတဲ့လူဖက် ဦးတည်ထားတယ် (တကယ်လို့ လက်ကို အိတ်ကပ်ထဲထည့်ထားရင် လက်မကိုအိတ်ကပ်ပြင်ဖက် ထုတ်ထားတယ်

(C) တစ်ဖက်ကိုလှည့်ထားတယ် (တကယ်လို့ လက်ကို အိတ်ကပ်ထဲထည့်ထားရင် လက်မကိုအိတ်ကပ်ပြင်ဖက် ထုတ်မထားဘူး



(၁၄) တခြားလူနဲ့ အတူထိုင်နေချိန်မှာ သင်က… ?

(A) တစ်ဖက်လူနဲ့ မျက်နှာချင်းဆိုင်ထိုင်တယ်
(B) သူတို့နဲ့တစောင်းထိုင်တယ် ဒါမှမဟုတ် သူတို့ဘေးမှာထိုင်တယ်
(C) မသေချာဘူး.. တစ်ခါမှ သတိမထားမိဘူး



(၁၅) သင်ခေါင်းညိတ်တဲ့အရှိန် ဘယ်လောက်မြန်လဲ?

(A) အရမ်းမြန်တယ်
(B) မမြန်၊ မနှေး အလယ်အလတ်ပါပဲ
(C) အရမ်းနှေးတယ်



(၁၆) အစည်းအဝေးခန်းမှာ သင်ထိုင်တဲ့ အနေအထားက… ?

(A) နေရာကျယ်ကျယ်ယူထားပြီး နောက်ဖက်ကို စိတ်လက်သာသာမှီထားတယ်။ တံတောင်ကို အပြင်ဖက်ထုတ်ထားတယ်

(B) လက်နှစ်ဖက်ကို ဖြေလျော့ပြီး စားပွဲဖြန့်တင်ထားတယ်
(C) လက်မောင်းနှစ်ဖက်ကိုယှက်ထားတယ် ဒါမှမဟုတ် စားပွဲပေါ်တင်ထားတယ်



(၁၇) တခြားလူနဲ့ အခန်းထဲကနေ အတူထွက်ခွာချိန် သင်က…?


(A) လက်ကို တစ်ဖက်လူပုခုံးပေါ်တင်ပြီး ထွက်သွားဖို့လမ်းညွန်ပေးတယ်
(B) ထွက်ပေါက်ဖက် လက်ညွန်ပြီး တစ်ဖက်လူကို အရင်ထွက်စေတယ်
(C) ကိုယ်တိုင်အရင် ထွက်တယ်



(၁၈) စားပွဲပတ်လည်မှာ (၁ဝ)မိနစ်ခန့် အသေးစား အစည်းအဝေးကျင်းပတဲ့အခါ သင်က..?


(A) တစ်ချိန်လုံး ရပ်နေမယ်
(B) စစချင်းမိနစ်အနည်းငယ်မှာ ရပ်နေမယ် ပြီးရင် ထိုင်ချမယ်
(C) ချက်ချင်းထိုင်ချပြီး စကားစပြောမယ်



(၁၉) သင်ထိုင်တဲ့အနေအထားက ဘယ်လိုလဲ?

(A) ပုခုံးနောက်ပစ်ပြီး တည့်တည့်ထိုင်တယ်
(B) သက်တောင့်သက်သာနဲ့ ရှေ့ကိုနည်းနည်းပိုရောက်နေတယ်
(C) သက်တောင့်သက်သာနဲ့ နောက်ကိုမှီထားတယ်



(၂ဝ) အစည်းအဝေးကနေ ခွာခါနီး သင်က….?

(A) တခြားလူရဲ့လက်မောင်း ဒါမှမဟုတ် ပေါင်ကိုထိပုတ်ပြီး သင်ထွက်ခွာမယ့်အကြောင်းပြောတယ်
(B) ချက်နေရာကို တံခါးဖက်ဦးတည်ထားတယ်။ ကုလားထိုင်ကို လက်နဲ့တင်းတင်းဆုပ်ပြီး ထွက်ခွာဖို့ ထရပ်ပြင်ဆင်တယ်

(C) တစ်ဖက်လူ စကားပြောအပြီးကိုစောင့်တယ်၊ ဒါမှမဟုတ် တခြားလူဆွေးနွေးတာကို ပြီးအောင်ထိုင်စောင့်တယ်


ရေးလက်စ စာလေးတစ်ခုပါ.... ကိုယ့်ရဲ့အမူအရာက ကိုယ့်ကိုယ်ကိုယုံကြည်မှု ဘယ်လောက်ရှိကြောင်း ပြသနေသလဲ?... စိတ်ဝင်စားတဲ့သူတွေ သင့်တော်တဲ့အဖြေကိုရွေးပြီး A ဘယ်နှခု၊ B ဘယ်နှခု၊ C ဘယ်နှခုရတယ်ဆိုတာကို ပေါင်းထားလိုက်ပါ။ အဖြေကို အောက်တွင်ဆက်လက်ကြည့်၇ှပါ..း)


ခန္ဓာဘာသာစကားယုံကြည်မှုကိန်း ရလဒ်အဖြေ


ယုံကြည်မှုအဆင့်…. မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲခြင်း/ စိတ်ကြီးဝင်ခြင်း

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ Aတွေများနေခဲ့ရင် ကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့ အပြုအမူ၊ အချက်အလက်တွေကို မသိမသာ သင်ထုတ်ပြနိုင်ကြောင်း ဖော်ပြနေပါတယ်။ သင့်အပေါ်ထားတဲ့ တခြားလူရဲ့အမြင်ကို သင်အရမ်းဂရုစိုက်မိတဲ့အချိန် လိုအပ်တာထက်ပိုလွန်ကဲတဲ့ အပြုအမူကို သင်လုပ်မိတတ်တယ်။ ဒီလို သင်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲတဲ့အပြုအမူက တခြားလူကို မျက်စိစပါးမွေးစူးစေတတ်တယ်။ ကိုယ့်ရဲ့ပျော့ညံ့ချက်ကို ဝန်ခံဖို့၊ လက်ခံဖို့ သင့်အတွက်ခဲယဉ်းနေပြီး တခြားလူရဲ့ဟာကွက်ကိုပဲ သင်အပြစ်ရှာတတ်တယ်။ (ကျွန်မဒီလိုပြောတာကို သင် အင်မတန် စိတ်ဆိုးကောင်းစိတ်ဆိုးမယ်)။ အာဏာရှိတဲ့၊ သြဇာလွှမ်းမိုးတဲ့ ကိုယ်ဟန်အပြုအမူတချို့က အင်အားရှိတယ်၊ ခွန်အားရှိတယ်ဆိုပေမယ့် တကယ်လို့ ဒီလိုအပြုအမူမျိုးကို တစ်ကြိမ်မှာ နှစ်ခါအထက် သင်သုံးခဲ့မိရင် ခြိမ်းခြောက်နေတယ်လို့ လူတွေကိုခံစားစေပြီး အတူလက်တွဲပူးပေါင်းလုပ်မယ့် အလုပ်တွေ မလုပ်ဖြစ်၊ မအောင်မြင်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ချက်ချင်းဆုံးဖြတ်ရမယ့်အခြေအနေ ဒါမှမဟုတ် အလျှင်လိုတဲ့ ကိစ္စတွေနဲ့ကြုံခဲ့ရင် ဒီလိုအပြုအမူတွေက တဖက်လူရဲ့စိတ်ကူးကို အမြန်ဖမ်းဆုပ်မိစေနိုင်ပါတယ်။

သင့်အတွက် စကားလက်ဆောင် ….. တကယ်လို့ သင်ဖက်ကမှားနေခဲ့တယ်ဆိုရင် ဒီလို ကိုယ့်ကိုယ်ကိုယုံကြည်မှုမျိုးက စိတ်ကြီးဝင်တဲ့ ယုံကြည်မှုမျိုးပဲဖြစ်ပါတယ်။ ----------------- အမည်မသိ

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် ….. သည်းခံစိတ်နည်းခြင်း (သင်ဝန်ခံချင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဖြစ်မှန်က အဖြစ်မှန်ပါပဲ။ ဒါကို သင်လည်းသိတယ်)


ယုံကြည်မှုအဆင့်… အသင့်တော်ဆုံး နေရာမှန်

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ Bတွေများနေခဲ့ရင် သင်ဟာမွေးရာပါ ဦးဆောင်သူတစ်ဦးပါ။ ကိုယ်ဟန်အမူအရာနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုကို သင်ပြည့်ပြည့်စုံစုံ ပေါင်းစပ်ထားပါတယ်။ သင့်ဘဝကို သင်ချုပ်ကိုင်ထားပါတယ်။ သင့်လှုပ်ရှားမှုကို သင်တာဝန်ယူထားပါတယ်။ သင့်ကိုယ်သင် အမှန်တကယ် ဝေဖန်ပိုင်းခြားနိုင်တယ်။ အခြေအနေကို အကျိုးသက်ရောက်နိုင်စွမ်းရှိတယ်လို့ သင့်ကိုယ်သင် ယုံကြည်ထားတယ်။ လိုအပ်တဲ့အချိန်မှာ တခြားရဲ့အာရုံကို ဖမ်းဆွဲနိုင်စွမ်း သင့်မှာရှိတယ်။ သင်မှာလည်း ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ထောက်ထားညှာတာစိတ်ရှိတယ်။ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို အလွယ်တကူ တည်ဆောက်နိုင်တယ်။ လူ့ဘဝကို စိန်ခေါ်မှုတစ်ရပ်လို့ သင်ထင်မြင်ထားတယ်။ ကိုယ့်ကိုယ်ကို ပိုလုံခြုံတဲ့နေရာဆီတွန်းပို့ပြီး ပိုတိုးတက်ကောင်းမွန်ဖို့ သင်ဖမ်းဆုပ်တယ်။

လူတွေက သင်နဲ့တွေ့ရတာကို ဝမ်းသာကြတယ်။ သင်က ဟာသဉာဏ်ရွှင်ပြီး နားထောင်ကောင်းသူဖြစ်လို့ဖြစ်တယ်။ သင့်ရဲ့တည့်တည့်မတ်မတ်၊ ပွင့်လင်းခြင်းက လူတွေနဲ့အလွယ်တကူ အရောဝင်စေတယ်။ ဒါကြောင့် လူတွေက သင့်အနားကပ်ချိန်မှာ အခြိမ်းခြောက်ခံနေရတယ်၊ ဝေဖန်ခံနေရတယ်လို့ မခံစားစေပါဘူး။


သင့်အတွက် စကားလက်ဆောင်…. မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုတာ အမြဲတမ်းမှန်ကန်ရမယ်ကိုဆိုလိုတာ မဟုတ်ပါဘူး။ အမှားလုပ်မိမှာကို မကြောက်တာကိုဆိုလိုတာဖြစ်တယ်။ _____________ (Peter T Mclntyre)

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် ….. ဘဝမှာ လှိုင်းကယက်လေးနည်းနည်းထရင် သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိန်းက အားပျော့သွားတတ်တယ်။ (သင့်ကို တိုးတိုးတိတ်တိတ်လေး ပြောပြချင်ပါတယ်။ သင်ဟာ ထူးခြားသူမို့ သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု နိမ့်ဆင်းသွားလည်း လူတွေ သတိမထားမိတတ်ကြပါဘူး)


ယုံကြည်မှုအဆင့်… စိုးရိမ်ကြောင့်ကြခြင်း

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ Cတွေများနေခဲ့ရင် သင့်ကိုယ်သင်၊ သင့်ရာထူးအလုပ်အကိုင် ဒါမှမဟုတ် ကုမ္ပဏီအပေါ်ထားတဲ့ သင့်ယုံကြည်စိတ်တွေ လျော့နည်းနေတဲ့အကြောင်း တခြားလူကို သင်ထင်မြင်စေနိုင်ပါတယ်။ “ရှက်ရွံ့ခြင်း”ဆိုတဲ့ မျက်နှာဖုံးအောက်မှာ သင်ပုန်းအောင်းနိုင်ကောင်း ပုန်းအောင်းနေလိမ့်မယ်။ ဆုံးရှုံးရမှာစိုးလို့၊ အရှက်ရမှာစိုးလို့၊ သင်ကိုယ်တိုင် ဒါမှမဟုတ်တခြားလူကို မျှော်လင့်ချက်မဲ့စေမှာစိုးလို့ စတဲ့အခြေအနေမျိုးကို သင်ရှောင်ရှားတတ်တယ်။

နောက်ပြီး တစ်ခါတလေ ကုမ္ပဏီရဲ့ ဈေးကွက်စစ်ဆေးရေးအဖွဲ့ခွဲထဲ သင့်သဘောနဲ့သင် ပါဝင်တာပဲဖြစ်ဖြစ်၊ အင်တာနက်ပေါ်က သူငယ်ချင်းတွေနဲ့ သင်တွေ့ဆုံတာပဲဖြစ်ဖြစ်၊ (သင့်ကိုယ်သင်ကတော့ “ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတာ” လို့ ပြောမှာပေါ့) ဒါမှမဟုတ် စိန်ခေါ်မှုသစ်တွေကို မလွဲမရှောင်သာ သင်လက်ခံရတာပဲဖြစ်ဖြစ် အဲဒီလိုအခြေအနေမျိုးမှာ သင်ဟာ စိတ်မပါလက်မပါဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် တစ်ချိန်လုံး မကျေမနပ်ညည်းတွားပြီး သင့်ကိုယ်သင်ပိတ်ပင်မယ် (“ငါ့အတွက် ဒါဟာ ခက်လွန်းနေတယ်”၊ “ငါဦးနှောက်ခြောက်လာပြီ”၊ “တခြားအလုပ်နဲ့ ငါရှုပ်နေလို့”၊ “အဲဒီမှာ လူကောင်းတစ်ယောက်တောင်မှ မရှိပါဘူးကွာ” စသည်ဖြင့်)။ လူတွေက သင့်ကိုပဲ အမြဲဝေဖန်နေတယ်လို့ သင်ထင်တယ်၊ တစ်ခါတလေ သင့်ကိုယ်သင် အထီးကျန်လွန်းတယ်လို့ သင်မြင်တယ်။


စိတ်မပူပါနဲ့… သင် အထီးမကျန်ပါဘူး။ နာမည်ကြီးသရုပ်ဆောင် Sally Fieldက ဒီလိုစကားတစ်ခွန်း ပြောခဲ့ဖူးပါတယ်။

“ကျွန်မအချိန်အများကြီးပေးပြီးမှ တခြားလူရဲ့အကြည့်နဲ့ ကိုယ့်ကိုယ်ကို မဝေဖန်၊ မပိုင်းခြားမိဖို့ သင်ယူခဲ့ရတယ်” (လူတွေက သူတို့ကိုယ်သူတို့ ဆင်ခြေသုံးသပ်တဲ့အချိန်က တခြားလူတွေကို ဆင်ခြင်သုံးသပ်တဲ့အချိန်ထက် နည်းနေတယ်)


သင့်အတွက် စကားလက်ဆောင်…. ကျွန်တော်၂နှစ်အရွယ်မှာ တစ်နှစ်လွန်တာနဲ့ ကျွန်တော်တဝက်အိုစာသွားပြီဆိုပြီး အရမ်းစိုးရိမ်ကြောင့်ကြဖြစ်ခဲ့တယ်။ ဒီလိုသာဆက်သွားနေရင် နောင်(၆)နှစ်ကြာရင် ကျွန်တော်အသက်(၉ဝ)ဖြစ်သွားမယ်လို့ ကျွန်တော်ထင်တယ်။____________ (Stephen Wright)

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် ….. ကိုယ်ကိုယ်တိုင်အပေါ် အပျက်သဘောဆောင်စကားများ ပြောခြင်း (ရှက်တတ်တယ်၊ ထုံအတယ်၊ ရုပ်ဆိုးတယ်၊ ဝလွန်းတယ်၊ ဦးနှောက်မကောင်းဘူး၊ ပျင်းတယ်၊ ကလေးဆန်တယ် စတဲ့ အပျက်ဆောင်တံဆိပ်တွေ သင့်ကိုယ်သင်ကပ်ပေးတတ်တယ်)


ယုံကြည်မှုအဆင့်… ရင်ထဲကိန်းဝပ်နေတဲ့ အောင်မြင်မှု

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ A, B, Cတွေ ညီညီမျှမျှပါနေရင် သင်ဟာ သင့်ရဲ့ထူးခြားတဲ့လက္ခဏာကို ထုတ်ဖော်ပြသဖို့ ဦးတည်နေပါပြီ။ သင့်ကိုယ်သင်ယုံကြည်မှုပိုရှိဖို့နဲ့ သင့်ဘဝကို သင်ဖမ်းဆုပ်ထားတယ်လို့ နားလည်ဖို့ပဲ လိုပါတယ်။ အမှားကိုလုပ်မိတဲ့အခါ သင့်ကိုယ်သင်အပြစ်မတင်ပါနဲ့။ အမှားထဲကနေ ဘယ်လိုသင်ခန်းစာမျိုးကို သင်ယူနိုင်သလဲဆိုတာကို ရှာဖွေပါ။

“ဒီနေ့မဖြစ်ရင် နောက်တစ်ခေါက်ပေါ့”ဆိုတဲ့စကားကို မပြောပါနဲ့။
“ဘာလို့မဖြစ်နိုင်ရမှာလဲ? လုပ်ကိုလုပ်ရမယ်!”ဆိုတဲ့စကားကို ပြောပါ။
ရည်ရွယ်ချက်ချမှတ်ပြီး လုပ်ဖို့ သင်အသင့်ဖြစ်နေပြီဆိုရင် သင်ရဲ့ကိုယ်ဟန်အမူအရာတွေက အင်အားရှိလာပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုနဲ့ကြုံတဲ့အခါ ဒါမှမဟုတ် လုံလောက်တဲ့ပြင်ဆင်မှုတွေ မရှိတဲ့အခါ သင်ရဲ့ကိုယ်ဟန်အမူအရာတွေမှာ သံသယရှိခြင်း၊ စိတ်လှုပ်ရှာခြင်းစတဲ့ အသံတိတ်အချက်အလက်တွေ ပေါ်လာတတ်ပါတယ်။


သင့်အတွက် စကားလက်ဆောင်…. သင့်အတွင်းစိတ်မှာ ဘယ်လိုပဲခံစားနေရပါစေ အောင်နိုင်သူတစ်ဦးအဖြစ် ကြိုးစားထုတ်ဖော်ပြသပါ။ အနည်းငယ် သင်နောက်ကျကျန်နေပါစေ သင့်လျော်ပြီး ယုံကြည်မှုပြည့်ဝတဲ့အမူအရာကို ထုတ်ဖော်ပြသခြင်းအားဖြင့် စိတ်ဓာတ်ကိုမြင့်မား အင်အားရှိစေပြီး နောက်ဆုံးမှာ အနိုင်နဲ့အောင်ပွဲဝင်နိုင်ပါတယ်။ ______(Arthur Ashe)

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် …. အခြေအနေခက်ခဲလာတာနဲ့ သင်ဟာ သင့်ကိုယ်သင် လက်လွတ်ချင်လာတယ်။ (သင့်ရဲ့ကိုယ်ဟန်အမူအရာကြောင့် တခြားလူတွေကိုလည်း သတိပြုမိစေနိုင်ပါတယ်)

No comments: