Tuesday, November 1, 2011

ကိုယ့်ရဲ့ ပဉ္စမနိဗ္ဗာန်ဘုံ (၁)



ညနေခင်းတစ်ည၊အိပ်မပျော်တဲ့ညလို့ပြောရမယ်ထင်တယ်။ ကိုယ့်စိတ်တွေဘယ်ရောက်နေလဲလို့ မနည်းလိုကြည့်နေရတယ်။ သူ့ဟာသူ တစ်နေရာပြီးတစ်နေရာ၊ ပိုသေချာအောင်ပြောရမယ်ဆိုရင် မင်းရဲ့ရှေ့ ရောက်လိုက်၊ မင်းရဲ့နောက်ရောက်လိုက် တောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့ ဟိုကြည့်ဒီကြည့်နဲ့။ ဘယ်ဘက်ကပဲကြည့်ကြည့် မင်းကိုမြင်နေရတယ်။ မြင်ချင်လွန်းလို့သတိရချင်လွန်းလို့မဟုတ်ပါဘူး၊ အဲသလိုမထင်လိုက်ပါနဲ့။ မပြင်နိုင်တဲ့အကျင့်တစ်ခုလိုဖြစ်နေလို့ပါ။ မင်းကိုသတိရဖို့ လွမ်းဖို့ ကိုယ်မသင်ယူခဲ့ပါဘူး။ ဒီယုန်မြင်လို့ဒီချုံထွင်တယ်လို့ပြောလည်းမတတ်နိုင်ဘူး။
ဟိုတစ်ခါက၊ ရွာအပြန်မှာကွယ်၊သနပ်ခါးပါးကွက်၊ ရွေရည်စက်ကယ်သို့၊ ဖူးပွင်သင့်ညှာ၊ဟိုပင်ထက်မှာလှ၊သူမျက်နှာတမူထူး၊ ခြေလှမ်းတွေရယ်တကယ်လှတယ်၊ တရွာသူရယ်၊ ဒီမောင့်မှာတော့ကွယ်၊ နှလုံးခုံတာများ၊ မြင်းကောင်၂00၊ အင်ဂျင်အားသို့နှယ်၊ သယ်…….နေရခက်သကိုး၊ တရွာသူ၊ မေပျိုဖြူကို၊ဒီမောင်မှာစွဲလမ်းသည်ပုံ၊ ပွေးကွက်ပေါ် သနပ်ခါးလူးသို့နှယ်၊ ကွင်းကွင်းကွယ်ကွက်လို့ ဖုံးဖိလို့မရတယ်……လို့ကဗျာတွေလည်းကောင်းကောင်းရေးတတ်လို့ ဖွဲ့နွဲ့မပြောတတ်တာကို မင်းအပြစ်မမြင်ပါနဲ့။ ကိုယ့်ရင်ထဲရှိတဲ့အတိုင်း ပြောရမယ်ဆိုရင် ကိုယ်မင်းအနားမှာနေရမယ်ဆိုရင် အမြီးပဲဆွဲရဆွဲရ ( ကျစ်ဆံမြီးကိုပြောတာပါ)။ ထဘှီကျို ထဘှီကြားတူတူရေ၀ါးလို့ပဲပြောပြော ခံနိုင်ပါတယ်။ ဒါပေမယ့်မြောက်အုန်းသီးရသလိုမျိုးတော့မဖြစ်ချင်ဘူးကွာ။ တောဝက်ပက်လို့အပင်ပေါ်တက်နေတာက စိုင်ကော်လို့ချုံပေါ်ရောက်တာ ထက်တော့သာပါတယ်။ တကယ်တော့ကိုယ့်အဖြစ်က ဦးပုဒ်စောင့်တဲ့ကျား အပုတ်မစားတဲ့ လဒ လိုရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေတယ်။ ကိုယ်အဖြစ်မှာကွာ ကျားဖြစ်ရတာတောင် ခရီယာန်ကျားဖြစ်နေတော့တော်တော်ဆိုးတယ်။ ရွေယုန်နဲ့ရွေကျားပုံပြင်ထဲကလို မျိုးမခံရအောင်တော့ တော်တော်လုပ်ရတယ်။ ဦးကျော်(ကျော်ဟိန်း) သီချင်းထဲကလိုနေကထင်သလောက်မပူဘူး….ချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ ကိုယ်အသားတွေတောင် ခန်းခြောက်ကုန်ပြီ။
တကယ်တမ်းဝန်ခံရမယ်ဆိုရင် ကိုယ်အဖြစ်ကယောဂီဝတ်ဖို့တောထွက်ခါမှ ကျားကြောက်လို့မိန်းမကိုပါ တပါတည်းခေါ်သွားတာမျိုးဖြစ်နေတယ်လို့ တောင်ထင်မိတယ်။တော်ပြီကွာလို့ စိတ်ကိုဒုံးဒုံးချ၊ဒီကိလေသာကြော၊ ငါဖြတ်နိုင်ပါ့ဟေ့ လို့ မအော်နိုင်တော့ခံရတာပေါ့။ ဘာဘဲဖြစ်ဖြစ်လူဘဲ ဒီလောက်တော့ရှိမှာပေါ့ လူလိုတွေးပြီးနေရတာပေါ့။ အလွမ်းကိုဝီစကီနဲ့ပဲမျှောရတယ်..ဟဲ..နဲနဲသောက်ရင်နဲနဲမေ့တယ် နဲနဲမူးရင်နဲနဲမေ့တယ်။ဒီလိုနဲ့ မင်းကြောင့်အရက်တွေသောက်တတ်လာတယ်လို့တောင်ပြောရမလိုလိုဖြစ်နေပြီ။ မပြစ်တော့မတင်လိုက်ပါနဲ့ ဒဏ်တွေကိုမခံနိုင်လွန်းလို့ပါကွာ…။ စိုင်းထီးဆိုင်လိုပြောရရင် ကိုယ်ဟာလူဆိုးပါမေရယ်။ စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်တောင်သတိရတယ်…….ဘာတဲ့…….အို.ဆရာမရယ် အိမ်ကိုရောက်တိုင်းလဲ အရင်နေရာကနည်းနည်းနာလာတယ်……ဆိုပဲ…..တိုက်ဆိုင်လိုက်တာများကွာ စက်တင်၁ာာတစ်ရက် နေပူပူလွင်ပြင်ထဲ မင်းကိုတွေ့ခဲ့ ပလုံစီမြည်တဲ့ရင်ခွင်ထဲ အမှောင်တူတူဖြတ်ခဲ့  ကိုယ်မှာလေရုန်းလေနှစ်လေ သောက်လေသောက်လေငတ်မပြေ Hi-tea လဘ္ဖက်ရည်လိုဖြစ်နေပြီ။
ဒီလိုနဲ့ပဲဖြစ်ချင်ရာဖြစ်ရေနှစ်သေပလိုက်သဟ..လို့ဆိုပြီး ဒိုက်ဗင်ထိုးချလိုက်တာဒူးခေါင်းလောက်နက်ထဲကန်မှာ ခေါင်းစိုက်ပြီး under-ground တပုဒ် လောက်ဆွဲခဲ့ရသေးတယ်။ ကောင်းဟဲ့ငနွား၊ အမိုက်သားငါ၊ မြွေပွေးအမြီး၊ လက်စွပ်ကွင်းထင်ပြီး သွားစွဲမိတာကိုကငါအမှား။ ရှိပါစေတော့လေ နှလုံးလမ်းကြောင်းမှာ ကျွန်းတင်ဘယ်ကမှာလဲ သင်္ဘောဘူတာကြီးပါဆိုက်ထားသလားလို့တောင်တွေးမိတယ်။ နာနတ်သီးကိုအခွံမနွာပဲ သွားနဲ့ကိုက်လိုက်မိသလိုပဲ Intro ကမ၀င်ဘဲ conclusion ကစလိုက်တော့ကောင်းရောပေါ့ကွာ။ ရေမပြည့်တဲ့အိုး ဘောင်ခတ်သလို ..ရေပြည့်တဲ့အိုးတစ်စက်ပိုလည်းလျှံတတ်တယ်တဲ့၊၊၊၊၊၊ဒါကြောင့်မင်းဆီကအချစ်ကလွဲလို့ကျန်တာဘာမှမလိုချင်ဘူးမေရယ်။ ပိုလည်းမတောင်းပါဘူး ..အဲ..လိုနေရင်တော့ ဆက်လက်ပြီးဆင်ကြံကြံ…အဲ..အသနားခံ လျှောက်လွှာတွေတသီကြီးနဲတောင်းနေအုံးမှာဘဲ။ ဒီလိုကျတော့လည်း နိုင်ငံရေးသမားလို့ မပြောရဘူး….ဟဲ…။
ဘိုဘိုဟန်သီချင်းတစ်ပုဒ်ကိုသတိရတယ်..ဘာတဲ့…ရီးစားလေးထားရတာလည်း ဇီးပြားလေးစားရသလိုဘဲ တဲ့..ကိုယ်ကကျတော့ကိုယ်မူနဲ့ကိုယ် ဒီလိုဆိုချင်တယ်… ရည်းစားလေးရဖို့ကလည်း မကျီးသီးစားဝမ်းလျှောရသလိုဘဲ…လို့..။ ဘာရယ်မဟုတ်ပါဘူး…ခုတလောဗိုက်အခြေမနေသိပ်မကောင်းလို့ပါ။။ သဘောရိုးနဲ့ပြောတာပါ။ ဆိုပါစို့ကွာ မင်းကဇကောဆိုရင် ကိုယ်ကဇီးဖြူသီး( မလှုတ်ခင်ကတည်းကကို လှိမ့်ချင်နေတာ) တကယ်ပါကွာ…မင်းရဲ့ဆံစကိုကိုယ်ထိတွေ့မိတဲ့အခိုက်၊ အလိုက်သိသိ ပြောတတ်တဲ့ မင်းရဲ့ကျောက်ကျောလိုပျော့အိအိနဲ့ စကားသံတွေကိုအမှတ်ရနေတယ်ဆိုရင် မင်းယုံမှာလာှး။


(ပထမပိုင်းအနေနဲ့ဒီမှာခဏရပ်ထားမယ်)

No comments: