ကိုယ့်ရင်ထဲမင်းစ၀င်လာတုန်းကဆိုရင် တယောသံလို မပွင့်တပွင့်လေး၊ ခိုးလိုးခုလုလေး၊ မထိတထိလေး၊ မချိတင်ကဲလေး၊ တိုးတိုးတိတ်တိတ်လေး၊ ဗလောင်းဗလဲလေး၊ ပလုံပလုံလေး၊ မမြုံတမြုလေး၊ ရိသဲ့သဲ့လေး၊ ကနေခုကျတော့ တဒုံးဒုံး တဒိုင်းဒိုင်း၊ ဗုံးဗုံးဗိုင်းဗိုင်း၊ အုံ့အုံ့မိုင်းမိုင်းလေး၊ ဂျုံးဂျုံးဂျိုင်းဂျိုင်း၊ ရင်ထဲမှာခလောက်ဆံခတ်နေပြီပေါ့လေ။ စူပါလီမွန်တီးသောက်ရင်တောင် ဒီလောက်ထိမှာမဟုတ်ဘူး။ တကယ်ပါ...ပြောရမယ်ဆိုရင်..ဧရာဝတီမြစ်ရေသာခန်းရင်ခန်းသွားမယ်။ကိုယ့်ရဲ့အချစ်ကတော့ ဘယ်တော့မှ မကုန်ခန်းနိုင်ပါဘူး။ ဘယ်သူမှမသုံးလို့ပါ..ဟဲ။
ရပ်ဆင်းကတယ်လဲချူချာ၊ ဘီလူးမျက်နှာပေါင်ဒါလူးသို့နှယ်၊ အဖြစ်ကယ် တကယ်ဆိုးတယ် အရပ်ကဂလန်ဂလား နံရိုးအပြိုင်းသားနဲ့၊ နှမရယ်အထင်တော့မသေးလေနဲ့၊ မြင့်မိုရ်တောင်မောင်ဖြိုပြမယ်၊ ယုံပါမေရယ်လို့ စကားနဲ့သာမပါး မောင့်အသည်းကို လက်ဆောင်အနေနဲ့ အော်ဒါပို့ပေးလိုက်တယ်။
လက်ရှိကိုယ့်အဖြစ်က နေမထိ ထိုင်မသာ တခြမ်းစောင်းပြီးထိုင်နေရတယ်။ အနာစိမ်းပေါက်နေလို့ပါ။ မင်းနဲ့နီးရဖို့ ဆုတောင်းလိုက်ရတာ ဘုရားတောင်နားငြီးတယ်လို့တောင်ပြောနေပြီ။ အလာမကောင်းပေမယ့် အခါတော့မနှောင်းလောက်သေးဘူးထင်ပါတယ်။ အကြံကုန်လို့ ဂဌုန်ဆားချက်လောက်တဲ့ထိတော့ မဆိုးပေမယ့် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အောင်တော့မင်း စဉ်းစားပေးပါမေရယ်။ ပေါက်တဲ့နဖူးမထူးတော့ပြီမို့ အဖြားထိတက် အမှည့်ရနိုးနဲ့ တက်ခဲ့တာတ၀က်တော့ မကလောက်ဘူးထင်ပါတယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မတူတော်၇ပါး ထဲမှာကိုယ်ပါလို့ပဲပြောမှာလားပဲ ..။ ယုန်ကမတိုးပိုက်ကတိုးမှာကိုစောင့်နေရင်လည်း အိုဇာတာ ကောင်းမယ်မထင်ပါဘူးလေ..။
လုပ်စားမယ်ကြံတုန်းမိုးခေါင် ၊ခိုးစားမယ်ြ့ကံတော့လည်း ခွေးဟောင်ဆိုသလိုမျိုးဘဲ မင်းနဲ့နီးစပ်ဖို့ကြိုးစားတိုင်း ပိုပိုဝေးသွားသလိုခံစားမိတယ်။ မစွမ်းရင်းကလဲရှိ ဒီကြားထဲ ကန်ဇွန်းခင်းကလဲအမြဲလိုငြိနေတော့တာပဲ။ ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်ဆိုသလိုပဲ ချက်လိုက်ရတဲ့ပဲတွေ..ဟင်....ပဲတွေသာကုန်သွားတယ် မင်းကတော့ပေါ်မလာသေးဘူး။ မင်းကတော့ကိုယ့်နဲ့တွေ့တိုင်း လာလာချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ တော်တော်တော့ခံရခက်တယ်။ သိကြားမင်းကျွဲယောင်ဆောင်၊ ဂျိုကား ဆိုသလိုပဲ သိကြားမင်းကိုယ်တိုင် ကျွဲယောင်ဆောင်ပြီးဆင်းလာရင်တောင် ဂျိုကားတယ်ဆိုပြီး တမင်ပြစ်ရှာချင်တဲ့သဘောပေါ့။ကိုယ်အဖြစ်ကမင်းအတွက်ဂျိုကားနေတဲ့ကျွဲတစ်ကောင်လားလို့
မေးချင်တယ်ကွာ။ စာကတော့တော်တော်ရှည်လာပြီ စိတ်ထဲမှာရှိသလောက်သာချရေးရရင်တော့လား ......ဟင်း ဟင်း...ဘယ်ပြောကောင်းမလဲ.. ဇတ်တော်ကြီးဆယ်ဘွဲ့ မျက်နှာညိုးသွားမယ်...သေသွားတဲ့ ဦးပုညကိုသနားလို့မရေးတာ.....။
ဒီစာကတော့ ချစ်သောသူတစ်ယောက်အတွက်ပထမ အကြိမ်ရေးတဲ့စာပါ။ ရှေ့မှာလည်း ၄ ကြိမ်လောက်ရေးပြီးပါပြီ...အဟဲ..မင်းနားလည်မှာပါ..။ ၀ီစကီလေးသောက်ပြီး ပထ၀ီဘာသာရပ်နဲ့အချစ်ကို နှိုင်းရမယ်ဆိုရင် မင်းကိုချစ်နေရတာ ကမ္ဘာမြေကြီးရဲ့စွဲငင်အားကိုဘဲ ကိုယ်အပြစ်တင်ရမှာပါ။ ရမ်လေးသောက်ရင်းနဲ့ အပြန်အလှန်ဆွဲငင်တာကိုစောင့်နေပါတယ်။ တကီလာနဲ့ဖျောပြီး ပလီပလာလေးတွေလည်း ပြောချင်ပါတယ်။ ဒါပေမယ့် ရှန်ပိန်လေးတစ်ခွက်နဲ့ နံပိန်လေးဘ၀တော့မရောက်ချင်သေးပါဘူးလေ..။ ဘရန်ဒ်ီလေးသောက်ရင်း အီစီကလီ လေးတော့ဖြစ်ချင်ပါတယ်.... ပြောရင်းနဲ့တင် အရက်သမားဘ၀ရောက်သွားပြီ။။ စကားတွေလည်းမှားကုန်ပြီ။
ဒါကြောင့်လားမသိဘူး နိဗ္ဗာန်ဘုံပေါင်း ၄ ခုလောက်ကန်ချခံရပြီးပြီ။ မင်းအလှည့်ကျမှဘဲ ၅ ကြိမ်မြောက် ကန်ချခံရမယ့်အလားအလာရှိတယ်။ ကန်တော့မချလိုက်ပါနဲ့ ။ ပဉ္စမမြောက်နိဗ္ဗောန်ဘုံလေးမှာ မင်းနဲ့အတူ ထာဝရနေပါရစေလား မေရယ်။
..........ရပ်နားမည်.............
ဝဏ္ဏအောင်
..........ရပ်နားမည်.............
ဝဏ္ဏအောင်
No comments:
Post a Comment